ဧပြီ-၂၃၊၂၀၂၆။ဟာနာဆန်/People’s Spring
အာဏာသိမ်း စစ်ကောင်စီက လျှပ်စစ်မီးပိုပေးမယ်လို့ ကြေညာတဲ့နေ့ကစပြီး ဓာတ်အားပြတ်တောက်မှု ပိုမိုဆိုးရွားလာကြောင်း ရန်ကုန်နဲ့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဧပြီ ၂၂ ရက် ညနေ ၃နာရီက စတင်ပြီး ရန်ကုန် နာရီ၂၀၊ မန္တလေး ၁၈နာရီ၊ အခြားပြည်နယ်နဲ့ တိုင်း ၁၄နာရီအထိ မီးပိုလာမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။
ဒါပေမယ့် မီးပိုပေးမယ်ဆိုတဲ့နေ့ကစပြီး လျှပ်စစ်ဓာတ်အား ပိုမိုပြတ်တောက်နေကြောင်း ရန်ကုန်နဲ့ မန္တလေးက မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
“သူတို့ပြောတဲ့ ရက်က စပြီး ပိုပြတ်နေတာ။ ကိုယ်တွေဘက်က အရင်က သိပ်မပြတ်တဲ့ထဲပါတယ်။ သူတို့ပေးမယ်ပြောပြီးမှ ပြတ်ချက်”လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
အလားတူ မန္တလေးမြို့မှာလည်း လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာ ပြတ်တောက်နေပြီး မီးပိုပေးမယ်ဆိုတဲ့ မနေ့ကစပြီး နာရီပိုင်းသာ မီးလာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဒီမနက်အထိကို ပြတ်နေတုန်းပဲ”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီကတော့ ရန်ကုန်တိုင်းအတွင်း ၁၆နာရီကနေ ၁၈နာရီအထိ ဓာတ်အားဖြန့်ဖြူးနေမှုအစား ၁၈ နာရီကနေ နာရီ ၂၀အထိ လည်းကောင်း၊ မန္တလေးတိုင်းအတွင်း ၁၄ နာရီက ၁၆ နာရီအစား ၁၆ နာရီမှ ၁၈ နာရီအထိလည်းကောင်း၊ အခြားပြည်နယ်နဲ့ တိုင်းတွေမှာ ၁၂ နာရီခန့် ဓာတ်အား ဖြန့်ဖြူးနေမှုအစား အနည်းဆုံး ၁၄ နာရီ အထိလည်းကောင်း တိုးမြှင့်ပေးမယ်လို့ ကြေညာခဲ့တာပါ။
နိုင်ငံတစ်ဝန်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အား ပေးဝေနိုင်မှု သိသိသာသာ ကျဆင်းသွားခဲ့ပြီး လျှပ်စစ်မီး ပြတ်တောက်မှုဒဏ်ကို ပြည်သူတေါ အပြင်းအထန် ခံစားနေကြရပါတယ်။
အထူးသဖြင့် နွေရာသီကာလတွေမှာ ရန်ကုန်နဲ့ မန္တလေးကဲ့သို့သော မြို့ကြီးတွေမှာ အလှည့်ကျစနစ်နဲ့ မီးပေးဝေနေရသော်လည်း သတ်မှတ်အချိန်အတိုင်း မလာတာနဲ့ အချိန်ကြာမြင့်စွာ ပြတ်တောက်တာတွေကြောင့် ပြည်သူတွေ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။
ယခုတစ်ကြိမ် မီးပိုပေးမယ်ဆိုတဲ့ ကြေညာချက်ကလည်း လက်တွေ့မြေပြင်အခြေအနေနဲ့ ကွာဟနေတာကြောင့် ပြည်သူတွေ ဝေဖန်မှုများ မြင့်တက်နေတာဖြစ်ပါတယ်။


















































