Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်လေကြောင်းရန်ကြောင့် နယ်စပ်မှာ ထိုင်းစစ်တပ်က အလံတွေစိုက်ထူ

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ မြန်မာ-ထိုင်းနယ်စပ် သော်လဲထာဒေသမှာ ထိုင်းစစ်တပ်က အလံနီတွေစိုက်ထူထားကြောင်း ကရင် သတင်းရင်းမြစ်က ဓာတ်ပုံတွေပြသ ပြောပါတယ်။

မြန်မာ-ထိုင်း နယ်စပ် သော်လဲထာဒေသ ထိုင်းဘက်ခြမ်းမှာ အလံနီတွေစိုက်ထူထားတာကိုတွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ဧပြီ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ မြန်မာ-ထိုင်းနယ်စပ် သော်လဲထာဒေသမှာ ထိုင်းစစ်တပ်က အလံနီတွေစိုက်ထူထားကြောင်း ကရင် သတင်းရင်းမြစ်က ဓာတ်ပုံတွေပြသ ပြောပါတယ်။

“ဒီပုံက သော်လဲထာ။ ထိုင်းစစ်သားလာထူထောင်နေတယ်။ သူတို့ထူထောင်နေတာဘာသဘောလဲတော့ မသိဘူး။ သူတို့ အလံထူထောင်တာ ဧပြီ ၁၃၊ ၁၄ အတွင်းထဲမှာပဲ။ လူထုလည်းသိချင်တယ်” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သော်လဲထာဒေသဟာ KNU တပ်မဟာ(၅)နယ်မြေ ထဲမှာပါတဲ့ ဒေသဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ သင်္ကြန်ကာလအတွင်းမှာ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။ အရင်ကသော်လဲထာဒေသမှာ စစ်ကောင်စီတပ်စခန်းရှိပေမယ့် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး လပိုင်းအကြာ ဧပြီလထဲမှာ KNUက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ အဲဒီတုန်းက စစ်ကောင်စီတပ်သား ၄၀ကျော်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

သော်လဲထာနည်းတူ တပ်မဟာ(၅)ဖာပွန်ခရိုင် ဦးမယ်ထာဒေသမှာလည်းထိုင်းဘက်က အလံတွေစိုက်ထူတာရှိတယ်လို့ဆိုပါတယ်။ ဦးမယ်ထာဒေသက ကျန်းမာရေးဆေးပေးခန်းနေရာကို စစ်ကောင်စီက ဧပြီ ၂၀ရက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းဘက်က အလံတွေ စိုက်ထူခဲ့တာလို့ တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

အခု ထိုင်းစစ်တပ်က အလံနီတွေစိုက်ထူထားတဲ့ သော်လဲထာဆိုတာ ကရင်လိုခေါ်ဆိုတာဖြစ်ပြီး ထိုင်းဘက်ခြမ်းအခေါ်မှာ မဲဆမ်မလတ် ဒေသဖြစ်တယ်လို့ တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောလကယ်ဒိုက ဒီကနေ့မနက်မှာ ပြောပြပါတယ်။ သော်လဲထာဒေသဟာ ဦးမယ်ထာ ဒေသနဲ့ ၂ မိုင်ကျော်ကွာဝေးတယ်လို့ သိရကြောင်းလည်း ပြောပြပါတယ်။

“ သူတို့အနေနဲ့ အဲဒီဘက်မှာ အလံနီလာစိုက်တယ်ဆိုတာက အကယ်၍ စစ်ကော်မရှင်ဘက်က လေယာဉ်လာကြဲမယ်ဆို ကမ်းစပ်မှာ မကြဲဖို့ပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကမ်းစပ်မှာ ကြဲတယ်ဆိုရင် ဗုံးအစတွေက ထိုင်းဘက်ကမ်းမှာ စင်ပြီးတော့ အဲဒီထိုင်းဘက်ကလူတွေကို သွားထိနိုင်တာပေါ့။ အဲဒါကြောင့် အဲဒီကမ်းနား ဗုံးမကြဲဖို့ သူတို့ လာပြီး သတိပေးတဲ့ ပုံစံမျိုး ယူဆတာပေါ့” လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လက်နက်ကြီး ပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။ အရပ်သားပြည်သူနေထိုင်ရာတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေလည်းမကြာခဏဖြစ်ပေါ်လျက်ရှိပါတယ်။

တဖက်မှာလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေသလိုတဖက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ