ဧပြီ-၂၃၊၂၀၂၆။People’s Spring
ထိုင်းနိုင်ငံနဲ့ နယ်စပ်ဧရိယာတွေမှာ ခိုလှုံနေတဲ့ မြန်မာ ဒုက္ခသည်တွေနဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီမယ့် ယူရို ၁၅ သန်းတန် စီမံကိန်း တစ်ခုကိုဥရောပ သမဂ္ဂ (EU)က စတင် အကောင်အထည် ဖော်နေကြောင်း သိရပါတယ်။
Supporting Thailand’s Transition to Self-Reliance & Inclusionလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို EU သံအမတ်ကြီး လူဝီဆာ ရက်ဂါနဲ့အတူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)၊ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီနဲ့ Expertise Franceတို့လို မိတ်ဖက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဧပြီ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ယူရို ၁၅ သန်း၊ တစ်နည်းအားဖြင့် ထိုင်းဘတ်ငွေ သန်း ၅၇၀ ခန့် ၊အမေရီကန်ဒေါ်လာနဲ့ဆို ဒေါ်လာ ၁၇ သန်းသန်းခွဲကျော် တန်ဖိုးရှိတဲ့ ပရောဂျက်ဟာ ထိုင်းနိုင်ငံရဲ့ နယ်စပ်ပြည်နယ်တွေဖြစ်တဲ့ မယ်ဟောင်ဆောင်၊ တက်ခ်၊ ကန်ချနာဘူရီ၊ ရတ်ချာဘူရီတို့မှာ ရှိနေတဲ့ မြန်မာ ဒုက္ခသည်စခန်း ၉ ခုကို ထောက်ပံ့ကူညီဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် တက်ခ်ပြည်နယ်ထဲမှာ ရောက်နေတဲ့ တခြားစစ်ရှောင်တွေကိုလည်း ကူညီပေးဖို့ စီစဉ်ထားကြောင်း ဥရောပပြင်ပကူညီရေးဌာန (EEAS)ကဆိုပါတယ်။

Public Service Announcement
ဒီစီမံကိန်းရဲ့ ၂၀၂၆ ခုနှစ်အတွက် လျာထား ဘတ်ဂျတ်ကို ယူရို ၁၂ သန်းကနေ ၁၅ သန်းဆီ တိုးမြှင့်ခဲ့တာ ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်တန်း သံအရာရှိ တစ်ဦးဖြစ်သူ ပင်ဆူဒါ ဂျာယန်နာမာက ပြောကြားခဲ့ပါတယ်။
EUက ထောက်ပံ့ပေးမယ့် ငွေကြေးတွေထဲက ယူရို ၁၀.၅ သန်းဟာနိုင်ငံတကာကယ်ဆယ်ရေး ကော်မတီ (IRC)ရဲ့ ကွပ်ကဲမှု အောက်ကို ရောက်ရှိမှာဖြစ်ပြီး ဒုက္ခသည် စခန်းတွေမှာ နေထိုင်တဲ့ မိသားစုတွေ အလုပ်အကိုင် ရရှိစေရေးလို အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ရည်ရွယ်ထားပါတယ်။ ပြီးတော့ Save the Childrenနဲ့ တခြားထောက်ပံ့ရေးအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်မှာပါ။
ယူရို ၂ သန်းကတော့တက်ခ်ပြည်နယ်ထဲက ကျန်းမာရေး စောင့်ရှောက်မှု ပရောဂျက်တွေအတွက် လျာထားပြီး Expertise Franceနဲ့ တခြားအဖွဲ့အစည်းတွေက အဓိက တာဝန်ယူပါမယ်။ယူရို ၂.၅ သန်းကတော့ UNHCRရဲ့ ကွပ်ကဲမှု အောက်ကနေ ကလေးသူငယ် စောင့်ရှောက်ရေးနဲ့ တခြား အကူအညီပေးရေး အစီအစဉ်တွေအတွက် အသုံးပြုမှာ ဖြစ်ပါတယ်။
ထိုင်းဟာ နယ်စပ်ဒုက္ခသည် စခန်းတွေမှာ မြန်မာဒုက္ခသည်ပေါင်း ၈၀,၀၀၀ ကျော်ကို ကာလရှည်ကြာ လက်ခံပေးထားပါတယ်။
ကိုးကား-Brussels Times


















































