ဧပြီ-၂၃၊ ၂၀၂၆။ ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၂ ရက် မနေ့ မနက် ၁၁ နာရီခွဲအချိန်မှာ စစ်တပ်က လက်ပံတန်းမြို့နယ်၊ ဝါးရုံပင်ဇင်းအုပ်စု၊ သဲကောဆည်အနီး၊ ဝန်ကလေး(ဆားချောင်း)ရွာအတွင်းကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးသီး(၁၀)လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ထိခိုက်သေဆုံးခဲ့တဲ့သူတွေက ငါးရှာ ထင်းရှာလုပ်တဲ့ ပြည်သူတွေပါ”လို့ လက်ပံတန်းမြို့နယ် ပ ကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၅နှစ်၊ ၁၆နှစ်၊ ၁၉နှစ်နဲ့ အသက် ၂၀ အရွယ် အမျိုးသား ၄ ဦး သေဆုံးခဲ့ကြောင်း လက်ပံတန်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်သုံးလုံး ပျက်စီးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ (၆)ဥ်ီးရှိခဲ့ပြီး အဲ့ဒီထဲက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ စိုးရိမ်ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြပါတယ်။ ကျန် ဒဏ်ရာရသူ ၄ဦးမှာ ကလေး(၂)ဦး၊ နဲ့ လူကြီး(၂)ဦးတို့ ဖြစ်တယ်လို ဆိုပါတယ်။
စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဒေသဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့အပြင် တော်လှန်ရေးအင်အားစုတွေ နေထိုင်တာမျိုးလည်းမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးဂရုပြု သတိထားကြဖို့ တော်လှန်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။





















































