ဧပြီ-၂၃၊၂၀၂၆။မိုမို/People’s Spring
စစ်ကောင်စီရဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်းက မက်စ်ဘိလပ်မြေစက်ရုံ(Max Cement)အနီးမှာ တပ်စွဲထားတဲ့ အမှတ်(၄၁၁)ခြေမြန်တပ်ရင်း(ခမရ-၄၁၁)ရဲ့ ပူးပေါင်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။
မနေ့က(ဧပြီ ၂၂ ရက်) မနက် ၅နာရီက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ (၁၈)မိုင်ဝန်းကျင် အကွာ လယ်ဝေးမြို့နယ်ရဲ့ အရှေ့တောင်ဘက်ခြမ်းမှာ ခမရ(၄၁၁)တပ်ရင်း တပ်စွဲထားတဲ့ အောင်ချမ်းသာရွာသစ်မှာ တပ်စွဲထားတဲ့ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နဲ့ သံတောင်မြောက်ပိုင်းအထူးတပ် ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။
“စစ်ကောင်စီတပ်ရဲ့ အထိုင်ချစခန်းတခုကို မနက်အစော ၅နာရီလောက်မှာ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တာဖြစ်ပါတယ်။KNDF တပ်ရင်း(၂၉) ပါတယ်။ မဟာမိတ်တပ်တွေနဲ့အတူပါ” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
အဲဒီစခန်းကနေ MA အမျိုးအစား ၄လက်ကို သိမ်းဆည်းရရှိပြီး တိုက်ပွဲအတွင်း ခမရ(၄၁၁)တပ်ရင်းက ဗိုလ်မှူး ထွန်းထွန်းလင်းအပါအဝင် ၁၀ဦးထက်မနည်းသေဆုံးပြီး ဒုဗိုလ်မှူးကြီးသန်းညိမ်းဟာ ထွက်ပြေးသွားတယ်လို့ သံတောင်မြောက်ပိုင်းအထူးတပ်က ပြောပါတယ်။
အဲဒီစခန်းကို ခမရ(၄၁၁)တပ်ရင်းနဲ့ ပူးပေါင်း အင်အား ၄၀ခန့်နဲ့ တပ်စွဲထားတာဖြစ်တယ်လို့ နေပြည်တော်အခြေစိုက်စစ်ရင်းသတင်းရင်းမြစ်က ပြောပါတယ်။
“နေပြည်တော်၊ပဲခူးနဲ့ ကရင်အစပ်မှာရှိတဲ့ စခန်းလို့ပဲ ပြောရမယ်။ဂိတ်ရော တပ်အထိုင်ချထားရော ရှိတယ်။ပြီးခဲ့တဲ့ ၂နှစ်လောက်ကတည်းက”လို့ သူက ပြောပါတယ်။
လက်ရှိမှာ စစ်တပ်က အင်အားဖြည့်ပြီး တန်ပြန်စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲ ဆက်ဖြစ်နိုင်တယ်လို့လည်း သံတောင်မြောက်ပိုင်းအထူးတပ်က ပြောပါတယ်။
” ခု ရေနီအရှေ့ဘက်ဗျူဟာလမ်းမကြီးအတက်ကို စစ်တပ်က ဆက်လက်လိုက်လာလို့ စစ်ရေးပိုမိုတင်းမာပြီးစစ်ဆိုင်နေပါတယ်”လို့ သံတောင်မြောက်ပိုင်းအထူးတပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ အပတ်ကလည်း မက်စ်ဘိလပ်မြေစက်ရုံအနီးမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။






















































