Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့အနီး ချင်းပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲပြင်းထန်

စစ်တပ်က မြို့အတွင်းဝင်နိုင်ဖို့ လေယာဉ်အလွန်အကျွံသုံးထိုးစစ်ဆင်နေပေမယ့် ခုခံနေဆဲဟု CNDFပြော

ဖလမ်းမြို့သိမ်းတိုက်ပွဲအပြီးတွေ့ရတဲ့ တော်လှန်ရေးရဲဘော်တွေ။ ဓာတ်ပုံ - Chinworld

ဧပြီ ၂၃၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးဝန်းကျင်မှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်တို့ ဒီကနေ့ ဧပြီ ၂၃ရက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

စစ်တပ်က ချင်းညီနောင်နဲ့မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကို ပြန်ရဖို့ မြေပြင်နဲ့ လေကြောင်း တိုက်ခိုက်မှု အင်အားအလုံးအရင်းနဲ့ ပြုလုပ် ထိုးစစ်ဆင်နေတာ နှစ်ဝက်ကျော်ကြာမြင့်နေပြီဖြစ်ကာ လက်ရှိမှာတော့ ဖလမ်းမြို့နဲ့ အနီးဆုံးကျေးရွာ အထိရောက်ရှိနေတယ်လို့ ဆိုပါတယ်။

” မြို့ထဲတော့ မဝင်သေးဘူး။ Congheng ရွာနား ရောက်နေပြီ။ဗားရ်ကနေ တက်လာတဲ့ စစ်ကြောင်းက။ ဒီနေ့ကတော့ တကယ် လေယာဉ်လည်း လေကြောင်းလည်း အင်အားအလွန်အကျွံသုံးတယ်။ ဒီနေ့ မဝင်မဖြစ် ဝင်လို့ရအောင် ဆိုတဲ့ ပုံစံလုပ်ထားတဲ့ သဘောတော့ရှိပါတယ်။ ဒါပေမဲ့ မြို့ထဲတော့ ခုထိ ဝင်လို့မရသေးပါဘူး ခုခံနေဆဲပါ”လို့ ဆလိုင်းတင်မီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဟာမြို့နဲ့ နီးကပ်နေသလို စစ်ကောင်စီက ဒီကနေ့ မြို့ကို ဝင်နိုင်ဖို့ ရည်မှန်းထားပုံရတယ်လို့လည်း ပြောပါတယ်။

” ဗားရ်ကနေ တက်လာတဲ့ စစ်ကြောင်းက ဖလမ်းကနေ ဆင်းလို့ရှိရင် ပထမဆုံးတွေ့တဲ့ရွာကို ရောက်ပါပြီ။ ဆိုတော့ အနီးတော်တော်ကပ်ပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က တက်နိုင်သလောက် ခုခံနေဆဲ အခြေအနေမှာရှိပါတယ်။ လေကြောင်းတော့ ဒီနေ့ မြို့ထဲ ဝင်လို့ရအောင် တော်တော်လေး ပြင်းပြင်းထန်ထန် သုံးပါတယ်။ လေကြောင်းရော လက်နက်ကြီးရော အကုန်လုံးပေါ့။ သုံးနိုင်တဲ့ဟာ အကုန်လုံးသုံးတာပဲ။ တော်တော်လေးကို ပြင်းပြင်းထန်ထန် သူတို့ဘက်ကနေ သုံးပါတယ်”လို့ ဆလိုင်းတင်မီက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ဖလမ်းမြို့နယ် ဆူရ်ဘုန်လေဆိပ်ကို သိမ်းနိုင်ဖို့လည်း ဦးတည်နေကြောင်း ပြောပါတယ်။

“စစ်ကြောင်းက လေဆိပ်ဘက်ကို တကြောင်းရယ် နောက်ပြီးတော့ မြို့ထဲကို တကြောင်းရယ် ပုံစံမျိုးနဲ့ လာပါတယ်။ အစကတည်းက စစ်ကြောင်းသုံးကြောင်းပေါ့။ ဘေးက နှစ်ခုရယ်နောက်ပြီးတော့ အလယ်ကနေ တခု အဲဒီလို ပုံစံမျိုးနဲ့လာပါတယ်” လို့ ဆလိုင်းတင်မီက ပြောပါတယ်။

အဲဒီလိုအင်အားအလုံးအရင်းထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ချင်းညီနောင်ကာကွယ်ရေးတပ်တွေနဲ့အတူ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေလည်း အတူပူးပေါင်းခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သူတို့ ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်ရဖို့ကြိုးပမ်းရာမှာ ပြည်သူလူထု အသက်အိုးအိမ်တွေကိုကိုမရှောင် လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဖလမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်ကောင်စီ အဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောပြထားပါတယ်။

“ဖလမ်းမြို့နယ် စစ်ရေး အခြေအနေက အခုက ခြောက်လ ကြာပြီပေါ့။ ၇လထဲတောင်ဝင်တော့မယ်။ အတက်နိုင်ဆုံး ခုခံကာကွယ်မှု လုပ်ခဲ့တယ်။..။ဒါပေမဲ့ သူတို့ရဲ့ အားသာချက်ကတော့ လေကြောင်း တော်တော်လေးအသုံးပြုတယ်။ လေကြောင်းက အသုံးပြုတဲ့ အခါ ပြည်သူကိုလည်း မရှောင် အိုးအိမ်ကိုလည်း မရှောင် အဲဒီလိုပဲ လုပ်နေတာ။ ကျနော်တို့က ပြည်သူ့အားနဲ့ တော်လှန်ရေးတိုက်ပွဲဝင်နေတာ။ ကျနော်တို့က ရတဲ့နည်းနဲ့ အတက်နိုင်ဆုံး ကျနော်တို့က ပြန်ပြီးတော့ ခုခံတွန်းလှန်ရုံပဲရှိပါတယ်” လို့ဆလိုင်းထက်နီက ပြောပါတယ်။

ဖလမ်းမြို့တိုက်ပွဲ ကာလအတွင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်သူစုစုပေါင်း ၅၀၀ကျော်ရှိနိုင်ကြောင်းလည်း ဆလိုင်းထက်နီက ခန့်မှန်းပါတယ်။ ဒါ့အပြင် ခုခံတိုက်ပွဲအတွင်း ချင်းတော်လှန်ရေးရဲဘော် ၅၀ ကျော်ကျဆုံးခဲ့ရသလို ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။

ချင်းညီနောင်ကာကွယ်ရေးတပ်တွေဟာ ဖလမ်းမြို့ကို ၂၀၂၅ ဧပြီ ဒုတိယပတ်မှာ သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီက ၂၀၂၅ အောက်တိုဘာမှာ စစ်အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ