Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမှာ လေပြင်းတိုက်ပြီး သစ်ပင်ပိလို့ ကလေးတစ်ဦး သေဆုံး

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာ မနေ့ ဧပြီ ၂၂ရက် ညကတိုက်ခတ်ခဲ့တဲ့လေပြင်းကြောင့် သစ်ပင်တွေပြိုလဲပြီး ၁၁။ နှစ်အရွယ် ကလေးတစ်ဦး သစ်ပင်ပိမိပြီး သေဆုံးခဲ့ပါတယ်။

ကျောက်မီးကျေးရွာမှာလည်း သစ်ပင်ပိခဲ့သော နေအိမ်တစ်အိမ်အား တွေ့ရစဥ်။ ဓာတ်ပုံ-MFSD

ဧပြီ-၂၃၊ ၂၀၂၆၊ မေရီ၊ ဆိုင်းမင်း / People’s Spring

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာ မနေ့ ဧပြီ ၂၂ရက် ညကတိုက်ခတ်ခဲ့တဲ့လေပြင်းကြောင့် သစ်ပင်တွေပြိုလဲပြီး ၁၁။ နှစ်အရွယ် ကလေးတစ်ဦး သစ်ပင်ပိမိပြီး သေဆုံးခဲ့ပါတယ်။

ဧပြီ ၂၂ ရက် ည ၁၁နာရီခန့်က ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်လမ်း၊ သမ္မတောကျေးရွာနဲ့ ကျောက်မီးကျေးရွာကြားမှာ မိုးရွာပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် သစ်ပင်တွေပြိုလဲခဲ့တာပါ။

အဲဒီလမ်းပိုင်းမှာရှိတဲ့ ကြူဝန်ကျေးရွာမှာတော့ နေအိမ်တစ်လုံးပေါ် သစ်ပင်တစ်ပင်လဲပြိုကျခဲ့တာကြောင့် နေအိမ်အတွင်းရှိ ၁၁နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ညက လေရော၊ မိုးရော အတော်ကြမ်းသွားတယ်၊ ကလေးကအိမ်ထဲအိပ်နေတာ၊ သစ်ပင်ပိတော့ ညှပ်သွားတဲ့သဘောပါ” လို့ လူမူကူညီရေး လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

အဲဒီဖြစ်စဉ်မှာ သေဆုံးသူကလေးငယ်ရဲ့ မိသားစုဝင်တွေဖြစ်ကြတဲ့ အခြားကလေးငယ်တစ်ဦးအပါအဝင်သုံးဦးလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

“ဆုံးသွားတာက အကြီးမလေး ၊ထိခိုက်ဒဏ်ရာရတာက သူမိဘနဲ့ ညီမလေးတွေပါ “ လို့ လူမူကူညီရေးလုပ်ကိုင်သူက ဆိုပါတယ်။

ဒဏ်ရာရသူတွေဟာ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့သုံး နှစ်အရွယ် မိန်းကလေးတစ်ဦးတို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ပုသိမ်ကြီးဘက် လေပြင်းကြောင့် အိမ်‌တွေခေါင်မိုးလန်တယ်။ သစ်ပင်ကျိုးတယ်။ ဓာတ်တိုင်​တွေလည်း ကျိုးတယ်”လို့ ဒေသတွင်းလူမူကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေး-ပြင်ဦးလွင်လမ်းမကြီးပေါ်ရှိ သစ်ပင်တွေ ကျိုးကျပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ