Connect with us

Hi, what are you looking for?

သတင်း

အာဆီယံက ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ကျန်းမာ​ရေးကို စိုးရိမ်တယ်လို့ ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးက မင်း​အောင်လှိုင်ကို​ပြော

​ဒေါ်​အောင်ဆန်းစုကြည်ကို​ ကောင်းမွန်စွာထားတယ်လို့ အာဏာသိမ်း​ခေါင်း​ဆောင်ဆို

ဧပြီ-၂၃၊ ၂၀၂၆။ သော်မွန်/People’s Spring

အာဆီယံနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်နေကြတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းကဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာထားကြောင်း နဲ့ ကောင်းမွန်တဲ့အခြေအနေတစ်ခုဖြစ်လာဖို့ ချင့်ချိန်စဥ်းစားနေတယ်လို့ မင်းအောင်လှိုင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဧပြီ ၂၂ ရက်က နေပြည်တော်မှာ တွေ့ဆုံစဥ် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“အာဆီယံနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ကျန်းမာရေးအခြေအနေကို စိုးရိမ်နေကြပါတယ်။သူ(မင်းအောင်လှိုင်)ပြောတာကတော့ ကောင်းတဲ့အခြေအနေတစ်ခုဖြစ်လာဖို့ ကောင်းမွန်တဲ့အရာတွေကို ချင့်ချိန်စဥ်းစားနေပါတယ်တဲ့”လို့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အာဏာသိမ်းခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာ ထားရှိတယ်၊ ဘယ်လိုထားရှိတယ် စသဖြင့် အသေးစိတ်အခြေအနေတွေကို ရှင်းလင်းပြောဆိုတာ မရှိဘူးလို့ သိရပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ​ အရင်ကလည်း ဒေါ်​အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သူမရဲ့သား ကိုထိန်လင်း ​ခေါ် ကင်မ်အဲရစ်နဲ့ပြည်သူ​​တွေက စိုးရိမ်ကာ ​တောင်းဆိုသံ​တွေ ကျယ်​လောင်လာပြီး စစ်တပ်ဖိအားများလာပြီဆိုရင် ​ဒေါ်​အောင်ဆန်းစုကြည်ဟာ ကျန်းမာစွာရှိတယ်လို့ မကြာခဏ​ပြောဖူးပါတယ်။

ဒါ​ပေမဲ့ ဒေါ်​အောင်ဆန်းစုကြည်ကျန်းမာစွာရှိတဲ့အ​ကြောင်းခိုင်လုံတဲ့ အ​ထောက်အထား​တွေ ပြသတာမျိုး မရှိဘဲ သတင်းအ​မှောင်ချထားပါတယ်။ အခု​နောက်ပိုင်းနှစ်​တွေမှာ ​ဒေါ်​အောင်ဆန်းစုကြည်ကို သူမရဲ့​ရှေ့​နေ​တွေနဲ့ပါ​ စစ်တပ်က​ တွေ့ခွင့်မ​ပေး​တော့သလို အရင်က​ ဒေါ်​အောင်ဆန်းစုကြည်က မှာစရာရှိရင် လက်​ရေးနဲ့​မှာလို့ရ​ပေမယ့် အခု​နောက်ပိုင်း ကွန်ပျူတာစာစီပြီးသား​တွေကိုပဲ ရတော့တယ်လို့ နီးစပ်သူအချို့က​ ပြောပါတယ်။

ဒါ​ကြောင့်​ ဒေါ်​အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိ၊မရှိ၊ ကျန်းမာ​ရေး​ကောင်း၊ မ​ကောင်းအ​ပေါ် ဘာမှမသိရဘဲ စစ်တပ်က သတင်းအ​မှောင်ချထားတာ​ကြောင့် အခုရက်ပိုင်းမှာ ​ဒေါ်​အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိတယ်ဆိုတာကို စစ်တပ်ကသက်သေပြ​ပေးဖို့ “Proof of Life “လှုပ်ရှားမှုကို ပြည်တွင်းက ပြည်သူတွေနဲ့ ပြည်ပက ပြည်သူ​တွေ၊ မြန်မာတွေက လုပ်​နေကြပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုဟာ ဒေသတွင်းအာဆီယံအဖွဲ့နဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်အလိုရှိနေပြီး ထိုင်းနိုင်ငံကလည်း ကူညီဖို့ အဆင်သင့်ရှိတယ်လို့ ထိုင်းဝန်ကြီး ဆီဟာဆက်က ဧပြီ ၂၂ ရက်မှာပြောပါတယ်။ ဒါပေမဲ့ အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိဖို့က စစ်အုပ်စုကိုယ်တိုင် လုပ်ရမှာဖြစ်ပြီး အဲဒီလို မလုပ်နိုင်ရင် ထိုင်းကလည်း ကူညီနိုင်မှာမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

အာဆီယံက ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ စိတ်ပူတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မင်းအောင်လှိုင်ကို ပြောဆို မေးမြန်းခဲ့တာနဲ့ပတ်သက်လို့ စစ်တပ် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြခြင်းမရှိဘဲ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ဖို့ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး ၅နှစ်ကျော်အကြာမှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ကနေ သူ့ကိုယ်သူ သမ္မတပြန်ခန့်ခဲ့ပါတယ်။ အဲဒီလို ခန့်အပ်အပြီးမှာ အိမ်နီးချင်းထိုင်းနိုင်ငံက ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် နေပြည်တော်ကို တညအိပ် လာရောက်ပြီး ဧပြီ ၂၂ရက်မှာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အကြမ်းဖက် စစ်ခေါင်းဆောင် သမ္မတဖြစ်လာကို ကြိုဆိုအသိအမှတ်ပြုခဲ့ကြတဲ့ လက်တဆုပ်စာ နိုင်ငံတွေထဲမှာ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့ပါဝင်တာကို တွေ့ရကြောင်းနဲ့ အဲဒီနိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွားတွေအပေါ် မူတည် ထောက်ခံကြတာဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအောင်စိုးမိုး (CDM သံတမန်)က ပြောပါတယ်။

“နယ်စပ်ဒေသတွေကို စစ်တပ်က လက်လွှတ်ခဲ့ရတဲ့အတွက် ဒီအိမ်နီးချင်းနိုင်ငံတွေဟာ မြန်မာနဲ့ နယ်စပ် ကုန်သွယ်ရေးက နှစ်စဉ်အကျိုးအမြတ် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ဆုံးရှုံးနေတဲ့အတွက် ဒီအခြေအနေကို ပြောင်းပြန်လှန်ပြီး မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်ခြင်းဖြင့် ရရှိမယ့် ဒေါ်လာ ဘီလီယံချီ အကျိုးအမြတ်အတွက် မြန်မာပြည်သူများရဲ့ဆန္ဒကို လျစ်လျူရှုပြီး မင်းအောင်လှိုင်ကို အသိအမှတ်ပြုခဲ့ကြတယ်လို့ ယူဆပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စီးပွားရေးအကျိုးတွေ၊ နယ်စပ် ကုန်သွယ်ရေးနဲ့ ဒေသတွင်းလုံခြုံရေးဆိုင်ရာအကျိုးအမြတ်တွေကို ဦးစားပေး စဉ်းစားနေတဲ့ အနေအထားမျိုး တွေ့ရပါတယ်”လို့ ဦးအောင်စိုးမိုးက သုံးသပ်ပါတယ်။

ဒီနေ့အချိန်အထိ မင်းအောင်လှိုင်နဲ့ စစ်တပ်ဟာ ပြည်သူတွေအပေါ် ရက်စက်ယုတ်မာစွာ ဗုံးကြဲသတ်ဖြတ်မှုတွေကို နေ့စဉ်ကျူးလွန်နေခဲ့ပြီး ဒီလို ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်ကျူးလွန်မှုတွေ ကျူးလွန်နေပေမယ့် တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ဟာ မင်းအောင်လှိုင်ကို အသိအမှတ်ပြုလိုက်ခြင်းက နိုင်ငံရေး အကျင့်သီလ ကင်းမဲ့ကြောင်း၊ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုသာ သိမြင်ကြောင်း မြန်မာပြည်သူတွေကို ရှင်းလင်းစွာ အသိပေးလိုက်ခြင်းလည်း ဖြစ််တယ်လို့ အထက်ပါ CDM သံတမန်က မှတ်ချက်ပြုပါတယ်။

အာဆီယံခေါင်းဆောင်တွေ သဘောထားပြောင်းလဲလာဖို့ မင်းအောင်လှိုင်က နည်းမျိုးစုံနဲ့ လှည့်ဖြားဖို့ ကြိုးပမ်းမှာဖြစ်သလို ဘယ်လိုပုံစံ အနေအထားမျိုးနဲ့ဖြစ်ဖြစ် မင်းအောင်လှိုင်က တရားဝင်မှုရဖို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်လိမ့်မယ်လို့ သံတမန်ဦးအောင်စိုးမိုးက သုံးသပ်ပါတယ်။

“သံတမန်မျက်နှာစာမှာဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ရပ်တည်ချက်က မြန်မာနိုင်ငံမှာ စစ်မှန်တဲ့၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ရိုးသားစွာအကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိ အပေါ်မှာပဲ မူတည်ပါတယ်။ မင်းအောင်လှိုင်စစ်အုပ်စုက အာဏာကို ချုပ်ကိုင်ထားပြီး စစ်တပ်က နိုင်ငံရေးကို ကြီးစိုးခြယ်လှယ်နေသရွေ့တော့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး”လို့ သူက ဆက်ပြောပါတယ်။

မင်းအောင်လှိုင်ဦးဆောင်ပြီး ဖြစ်လာတဲ့ အတုအယောင်အစိုးရကို နိုင်ငံတကာက လက်ခံလာဖို့အတွက် အာဆီယံ တံခါး စပွင့်လာဖို့က အရေးကြီးပြီး အာဆီယံက တံခါးပွင့်တယ်ဆိုရင် ကျန်တဲ့ တံခါးတွေကို ဆွဲဖွင့်လို့ရမယ်လို့အိမ်နီးချင်းတရုတ်အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က ထင်မြင်ပြီး ကြိုးစားပေးနေတယ်လို့ ထင်ရကြောင်း Progressive Voice ရှေ့ပြေးအသံအဖွဲ့ တည်ထောင်သူ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာက မှတ်ချက်ပြုပါတယ်။

“ကိုယ်ကျိုးစီးပွားကို တွက်ပြီး မင်းအောင်လှိုင်ကို လက်ခံချင်တဲ့ နိုင်ငံတွေ ရှိတယ်။ တရုတ်အပါအဝင် ထိုင်းလား၊ ဗီယက်နမ်လား ဒါမျိုးက ရှိတယ်လေ။ ဒါပေမဲ့ တဖက်မှာလည်း ဒီတိုင်းပြည်ရဲ့ ပြဿနာက၊ မြန်မာနိုင်ငံရဲ့ ပြဿနာက အမြစ်ကနေ မဖြေရှင်းနိုင်ရင် အာဆီယံဒေသဆိုင်ရာ တစ်ခုလုံးရဲ့ ရေရှည်အကျိုးစီးပွားအတွက်ကို အခုထိခိုက်နစ်နာဆိုတာမျိုးထက် ပိုပြီး ရေရှည်အတွက် ထိခိုက်နစ်နာမှုတွေ ပိုဖြစ်မယ်လို့ ရေရှည်အမြင်ရှိတဲ့ အာဆီယံခေါင်းဆောင်တွေကလည်း ရှိနေတဲ့အခါကျတော့ မင်းအောင်လှိုင်ကို အသိအမှတ်ပြုလိုက်ရင် ပြဿနာတွေ ပိုကြီးတော့မယ်။ ရှင်းရှင်းပြောရင် မင်းအောင်လှိုင်ကို လက်ခံလိုက်ရင် အာဆီယံအတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုဖြစ်လာမယ်လို့ မြင်တဲ့ ခေါင်းဆောင်တွေကလည်း ဒီကိစ္စကို မဖြစ်အောင် သူတို့ တားကြမှာပဲ။ ဒီကာလမှာတော့ မင်းအောင်လှိုင်ကို အသုံးချပြီးမှ ကိုယ့်နိုင်ငံအကျိုးစီးပွားလုပ်ချင်တဲ့သူတွေရယ်၊ ရေရှည်အကျိုးစီးပွားကို ကြည့်တဲ့သူတွေရယ် အပြန်အလှန် တွန်းတာ၊ ဆွဲတာတွေ ရှိနေမှာပေါ့”လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

ဒီသီတင်းပတ်(ဧပြီ ၂၂ ကနေ ဧပြီ ၂၆ရက်အထိ) တရုတ်နိုင်ငံခြားရေးဝန်ကြီးက အာဆီယံဒေသတွင်း ၃ နိုင်ငံခရီးစဥ်သွားရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံလည်းပါဝင်ပါတယ်။ ဒါကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ကြိုဆိုရမှာပါ။

အိမ်နီးချင်းထိုင်းနိုင်ငံဟာ နယ်စပ်နဲ့ ချင်းမိုင်မှာ ရှိတဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေကို ထိတွေ့ဆက်ဆံသလို တချိန်တည်းမှာ ပြည်တွင်းကို ချုပ်ကိုင်ထားတဲ့ စစ်တပ် ဒါမှမဟုတ် တခြားအင်အားစုတွေကိုလည်း ဆက်ဆံတယ်ဆိုတာက မထူးဆန်းကြောင်း နိုင်ငံရေးလေ့လာ စောင့်ကြည့်သူ ဆောင်းပါးရှင် Otto က သုံးသပ်ပါတယ်။

ဒါပေမဲ့ အာဆီယံကတော့ အခုအချိန်အထိ တိတိကျကျမပြောဘဲ မြွေမသေ တုတ်မကျိုးပုံစံမျိုးနဲ့ပဲ ဆက်ပြီး မြန်မာနိုင်ငံအရေးကို ဆက်လက် ကိုင်တွယ်နေလိမ့်ဦးမယ်လို့ ယူဆကြောင်း သူက ပြောပါတယ်။ အာဆီယံဟာ စစ်အာဏာသိမ်းကတည်းက ချမှတ်ထားတဲ့ အာဆီယံ တူညီဆန္ဒ ၅ရပ်ကို မပြောင်းလဲသေးဘဲ အဲဒီအတိုင်း ဆက်လက်ကိုင်စွဲထားလိမ့်မယ်လို့ ဆောင်းပါးရှင် Otto က သုံးသပ်ပါတယ်။

အာဆီယံမှာ မင်းအောင်လှိုင်ဘယ်လောက်အောင်မြင်မှု ရမလဲ၊ မရမလဲဆိုတာကတော့ ရှေ့လာမယ့် ထိပ်သီးညီလာခံတွေမှာ၊ သံတမန်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေကို ကြည့်ရမှာဖြစ်ပြီး လာမယ့် ထိပ်သီးညီလာခံလိုမျိုးမှာ မင်းအောင်လှိုင်တက်ရောက်ခွင့် ရရှိပါက သတိထားစောင့်ကြည့်ရမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာနိုင်ငံခရီးစဥ်နဲ့ပတ်သက်လို့ Major နိုင်ငံကြီးတွေထဲက ပထမဆုံး သွားပြ၊ ဆက်ဆံပေးတာဆိုတော့ မင်းအောင်လှိုင်ကို ကောင်းချီးပေးတဲ့ သဘောဖြစ်တယ်လို့ Otto က သုံးသပ်ပါတယ်။

“သူ့(တရုတ်)အနေနဲ့ စောင့်နိုင်သလောက် စောင့်ကြည့်ခဲ့တာတွေ ရှိပြီးပြီး၊ အခုအခြေအနေကတော့ နိုင်တဲ့မြင်းကို လောင်းမယ့်အစား၊ ကိုယ်လောင်းတဲ့မြင်းကို နိုင်အောင် လုပ်မယ်ဆိုတဲ့ သဘောကို ပြောင်းသွားတဲ့အနေအထားတွေ ရှိပြီပေါ့။ တရုတ်ဆိုတာ သူလုပ်စရာတွေ ရှိတာတွေ ဆက်လုပ်ဖို့အတွက် စပြီး ဆက်ဆံတဲ့သဘောလို့ ယူဆလို့ ရတယ်ပေါ့”လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ တချိန်တည်းမှာ တရုတ်ကိုယ်တိုင်ပင် တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အရှိန်တန့်သွားအောင် ဇက်သပ်ထားတာ ရှိပေမယ့် တချို့အဖွဲ့တွေကိုလည်းဆက်ပြီးတော့စစ်ရေးဖော်ဆောင်နိုင်အောင် လွှတ်ပေးထားတာ၊ စကားပြောနေတာ စတဲ့ အနေအထားတွေကြောင့် မင်းအောင်လှိုင်ကို လက်ခံသလို တချိန်တည်းမှာ တော်လှန်ရေးအဖွဲ့တွေကို ထိတွေ့ ဆက်ဆံနေတာရှိကြောင်း အထက်ပါ နိုင်ငံရေးစောင့်ကြည့်သူက ပြောပါတယ်။

ဓါတ်ပုံ-Getty ၊ AFP

ဆက်စပ်သတင်းများ