ဧပြီ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရပ်သားအသွင်ပြောင်း သမ္မတရာထူးရယူထားတဲ့အဖွဲ့ကို ကိုးကန့်တပ်မတော်(MNDAA)က ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့တယ်ဆိုတဲ့ သတင်းအမှားထွက်ပေါ်နေချိန်မှာ MNDAA သတင်းပြန်ကြားရေးဌာနက သတင်းတုတွေ Pageအတုတွေ သတိပြုဖို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
မင်းအောင်လှိုင်ရဲ့ အဖွဲ့ကို ကြိုဆိုဂုဏ်ပြုကြောင်း သဝဏ်လွှာကို MNDAA စစ်ရေးကော်မတီက ပေးပို့တယ်ဆိုတဲ့ စာအတုဟာ ဧပြီ ၂၃ရက်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

“မအလကို ဂုဏ်ပြုတယ်ဆိုတဲ့ ထုတ်ပြန်ချက်က အတုပါ။ စကစရဲ့ Cell လား ဒါမှမဟုတ် တခြားအဖွဲ့အစည်းတခုခုရဲ့ နိုင်ငံရေးအရ ပုတ်ခတ်တာမျိုး လုပ်ချင်လို့လားပေါ့”လို့ ကိုးကန့်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က စာအတုထွက်ပေါ်လာတဲ့အပေါ် မှတ်ချက်ပြုပါတယ်။

Public Service Announcement
အဲဒီလို စာအတု ထွက်ပေါ်လာပြီးနောက်ပိုင်းမှာပဲ MNDAAက ” လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “The Kokang” နှင့် တရုတ်ဘာသာဖြင့် “果敢资讯网” ဟူသော အမည်နှင့် လိုဂိုများကို တရားမဝင် ရယူအသုံးပြု၍ သတင်းအမှားများနှင့် ကြေညာချက်အတုများ ဖြန့်ဝေနေသော Facebook Page အတုများကို တွေ့ရှိရပါသည်။အဆိုပါ Page အတုများသည် Follower အရေအတွက် (၂၀) ဝန်းကျင်ခန့်သာရှိပြီး၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၏ အမည်ကို အသုံးပြုကာ လိမ်လည်ဖန်တီးထားသော စာရွက်စာတမ်းတုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ဖြန့်ဝေနေခြင်း ဖြစ်ပါသည်”လို့ အသိပေးထားပါတယ်။

“The Kokang” သတင်းဌာနအနေဖြင့် ယခုကဲ့သို့ အမည်နှင့်လိုဂိုကို အလွဲသုံးစားပြုလုပ်၍ ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေနေမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းလည်း ရေးသားထားပါတယ်။
Page အတုများမှ ဖော်ပြနေသော ကြေညာချက် များ၊ အကြောင်းအရာများနဲ့ လုံးဝ (လုံးဝ) သက်ဆိုင်ခြင်းမရှိဟုလည်း ပြည်သူသို့ ရှင်းလင်းစွာ အသိပေးကြောင်း ဖော်ပြထားပါတယ်။
ပြည်သူတွေအနေဖြင့် အဆိုပါ Page အတုများမှ ဖြန့်ဝေနေတဲ့ သတင်းအမှားများကို ယုံကြည်ခြင်း၊ ထပ်ဆင့်ဝေမျှခြင်း (Share)များ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားသလို Page အတုများကို Facebook တွင် Fake Page အဖြစ် Report ပြုလုပ်ပေးကြဖို့လည်း ပန်ကြားထားပါတယ်။


















































