ဧပြီ-၂၄၊ ၂၀၂၆။ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်က ခရီးသွားယာဥ်တွေတားဆီးပြီး လူငယ်တွေ ဖမ်းဆီးပေါ်တာဆွဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။
မုံရွာ-မန္တလေးလမ်း၊ ချောင်းဦးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ဟာ ယခုနှစ် သင်္ကြန်ကာလအပြီး နှစ်ဆန်းတစ်ရက်နေ့နောက်ပိုင်းမှစတင်ကာ ခရီးသွားယာဥ်တွေပေါ်က လူငယ်တွေဆွဲချပြီး ဖမ်းဆီးပေါ်တာဆွဲမှု ပိုမိုပြုလုပ်လာကြောင်း၊ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ အဆိုအရ တစ်ရက်ကို လူငယ် ၁၅ ဦးကနေ ၂၀ဝန်းကျင်အထိ ဖမ်းဆီးခံနေရကြောင်း သိရပါတယ်။
“သင်္ကြန်ရက်ပြီးလို့ မြို့ပေါ်အလုပ်ကိုပြန်ကြတဲ့ လူငယ်တွေ တော်တော်များများ ပါသွားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် မုံရွာ-မန္တလေးလမ်းပေါ်က စစ်ကိုင်းမြို့နယ်ထဲမှာရှိတဲ့ ကောင်းမှုတော်ဘုရားအနီး၊ စစ်ကိုင်းတက္ကသိုလ်၊ စစ်ကိုင်းမြို့တွင်းနဲ့ ရတနာပုံတံတား စစ်ဆေးရေးဂိတ်တွေမှာလည်း စစ်အုပ်စုက ခရီးသွားတွေကို ပေါ်တာဆွဲဖမ်းဆီးလေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ချောင်းဦးမြို့ကို ဖြတ်သန်းသွားလာမယ့် ခရီးသွားပြည်သူတွေ၊ အထူးသဖြင့် လူငယ်အမျိုးသားတွေအနေနဲ့ မိမိတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် အထူးသတိထား ဆင်ခြင်သွားလာကြဖို့ ချောင်းဦးပကဖက သတိပေးထားပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လကုန်မှာပဲ စစ်မှုထမ်း အပတ်စဥ်(၂၃)ကို စတင်နေပြီဖြစ်ပြီး ယခုပေါ်တာဆွဲခံရသူတွေဟာ လာမယ့် အပတ်စဥ် (၂၄)အတွက် ဖြစ်ပါတယ်။


















































