Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇ စစ်ဆင်ရေး နဲ့ စစ်အုပ်ချုပ်ရေးကြေညာချက် ရှမ်း​မြောက်ဘယ်ကိုဦးတည်မလဲ

စစ်တပ်က ယမန်နေ့ ညမှာ အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်​ရေးကြေညာလိုက်တဲ့ မြို့နယ် ၆၀ထဲမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေပါဝင်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာလေကြောင်းတက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေပြန်ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

(ရှမ်းပြည်နယ်​မြောက်ပိုင်း၊ ကွမ်းလုံမြို့မှာရှိတဲ့ ကွမ်းလုံဗျူဟာကို MNDAA က ၂၀၂၃ နိုဝင်ဘာလမှာသိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-MNDAA)

ဧပြီ-၂၄၊၂၀၂၆။ကဖေး/People’s Spring

စစ်တပ်က ယမန်နေ့ ညမှာ အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်​ရေးကြေညာလိုက်တဲ့ မြို့နယ် ၆၀ထဲမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေပါဝင်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာလေကြောင်းတက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေပြန်ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဧပြီလ ၂၃ရက် ညပိုင်းမှာ ကချင်၊ကယား၊ကရင်၊ချင်း၊ရခိုင်နဲ့ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့က မြို့နယ်ပေါင်း၆၀ကို ရက် ၉၀ကြာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။

အဲဒီမြို့နယ်တွေထဲမှာ AA၊TNLAနဲ့ MNDAAတို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းပိုက်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူ၊ကွတ်ခိုင်၊ နမ့်ခမ်း၊သိန္နီမြို့နယ်၊ကွမ်းလုံ၊နမ့်ဆန်၊မန်တုံ၊ဟိုပန်၊လောက်ကိုင်၊ကုန်းကြမ်း၊မိုးမိတ်၊ကျောက်မဲ၊သီပေါမြို့နယ်​တွေပါဝင်ပါတယ်။ဒါ့အပြင် အပြင်ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့(KIA)ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နယ်၊ ဝတပ်ဖွဲ့(UWSA)ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့နယ်နဲ့ မိုင်းလားအဖွဲ့(NDAA)ထိန်းချုပ်ထားတဲ့ မိုင်းလားမြို့နယ်တွေလည်းပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

သိန္နီ၊ကွမ်းလုံ၊လောက်ကိုင်၊ကုန်းကြမ်းမြို့နယ်တွေဟာ ကိုးကန့်တပ်(MNDAA) အပြည့်အဝထိန်းချုပ်ပြီး အုပ်ချုပ်ရေး ယန္တရား အခိုင်မာတည်ဆောက်နေတာပါ။မိုးမိတ်၊ကျောက်မဲ၊သီပေါမြို့နယ်တွေဟာTNLAသိမ်းယူခဲ့ပြီး စစ်တပ်ကက ပြန်ထိန်းချုပ်ထားတာပါ။ TNLAနဲ့ MNDAAက တရုတ်အစိုးရရဲ့ညှိနှိုင်းပေးချက်နဲ့အတူ စစ်ကောင်စီနဲ့ အပစ်ရပ်ထားချိန်မှာ စစ်အုပ်ချုပ်ရေးကြေညာလာတာပါ။

“စစ်တပ်က စိန်ခေါ်လိုက်တဲ့အနေအထားပဲ။ ငြိမ်းချမ်းရေးလက်မှတ်ထိုးမလား၊ တိုက်မလားကြိုက်ရာရွေးပေါ့။ ကျတော်ထင်တယ်။ ရှမ်းမြောက်မှာ ပြန်ချနိုင်တယ်”လို့ ရှမ်းမြောက်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

အခုရက်ပိုင်းမှာ လားရှိုးမြို့လေယာဉ်ကွင်းနဲ့စစ်တပ်ဝင်းထဲတွေမှာ ရဟတ်ယာဉ်တွေအကြိမ်ပေါင်းများစွာဆင်းသက်ပြီး စစ်ရေးပြင်ဆင်မှုတွေရှိနေတယ်လို့၎င်းကပြောပါတယ်။

စစ်ကောင်စီကတိုင်းရင်းသားတပ်ဖွဲ့ တွေကို ဇူလိုင်လ ၃၁ရက်မတိုင်ခင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထုတ်ပြန်ထားပါတယ်။စစ်တပ်ကဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPCC) ကဧပြီ၂၁ ရက်မှာ ထုတ်ပြန်တာဖြစ်ပြီး ၂ရက်အကြာမှာပဲ မြို့ပေါင်း၆၀ကို ရက် ၉၀ကြာ စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ရေးအရ အရေးယူမယ်လို့ လေသံပစ်လာတာပါ။

အာဏာသိမ်းစစ်တပ်ရဲ့ ​ဆွေး​နွေးဖို့ဖိတ်​ခေါ်ချက်ကို KIA ၊KNU ၊KNPP ၊CNF ၊ABSDF စတဲ့ ​တော်လှန်​ရေးအဖွဲ့​တွေအပြင် မကြာ​သေးခင်ကဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ် ဒီမို​က​ရေစီ ပြည်​ထောင်စု​ပေါ်ထွန်း​ရေးဦး​ဆောင်​ကောင်စီ (SCEF )တို့က ငြင်းပယ်ထားကြပါတယ် ။

ဒါအပြင် ၁၀၂၇စစ်ဆင်ရေးနဲ့အတူ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရမ်းဗြဲ၊ပေါက်တော၊ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊မောင်တော၊ဘူးသီးတောင်၊ကျောက်တော်၊မင်းပြား၊မြေပုံ၊မြောက်ဦး၊ သံတွဲ၊အမ်း၊ တောင်ကုတ်မြို့နယ်တွေလည်း အရေးပေါ်အခြေအနေကြေညာလိုက်တဲ့ဒေသတွေမှာပါဝင်ပါတယ်။အဲဒီမြို့နယ်တွေဟာ စစ်ကောင်စီလုံးဝထိန်းချုပ်နိုင်ခြင်းမရှိတဲ့ဒေသတွေဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ​အောက်တိုဘာ ၂၇ ရက်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနက် MNDAAနဲ့ TNLAက အပစ်ရပ်ထားပြီး AAကတော့ မြို့သိမ်းတိုက်ပွဲတွေဆက်လက်တိုက်ခိုက်နေပါတယ်။

AAစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ပြည်နယ်မှာသိမ်းပိုက်ဖို့ကျန်နေတဲ့စစ်တွေ၊ ကျောက်ဖြူ၊မာန်အောင်မြို့တွေကို၂၀၂၇ ခုနှစ်မကုန်မီ အပြီးသတ်သိမ်းပိုက်သွားမယ်လို့ ဧပြီလ ၁၀ ရက်နေ့က ကျရောက်တဲ့ (၁၇) နှစ်မြောက် တပ်တော်မွေးနေ့မိန့်ခွန်းမှာ ပြောထားပါတယ်။

အထက်ပါမြို့နယ်တွေအပြင် ကချင်ပြည်နယ်မှာ KIAထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်နဲ့ ချီဖွေမြို့နယ်၊ ကယားပြည်နယ်မှာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ရှားတော၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်၊ ကရင်ပြည်နယ်က ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချင်းပြည်နယ်မှာ ချင်းကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနဲ့ ဖလမ်းမြို့နယ်၊ စစ်ကိုင်းတိုင်းမှာလည်း အမျိုးသားညီညွတ် ရေးအစိုးရထိန်းချုပ်ထားတဲ့ ပင်လည်ဘူးနဲ့အင်းတော်မြို့နယ်၊ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကောလင်း၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲနဲ့ ၊ မကွေးတိုင်းက ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနဲ့ ရေစကြိုမြို့နယ်၊ မန္တလေးတိုင်းက ငါန်းဇွန်မြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။

စစ်ကောင်စီက ၎င်းတို့ အုပ်ချုပ်ရေးယန္တရားမလည်ပတ်နိုင်တဲ့ မြို့နယ်တွေကို ယခင်ကလည်းစစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ယခုကြေညာချက်ဟာ စစ်ကောင်စီတပ်ချုပ်အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒါ​ပေမယ့်စစ်တပ်က ​ကြေညာတာမှာKIAနဲ့ မဟာမိတ်​တပ်​တွေသိမ်းပိုက်ထားတဲ့ မံစီမြို့နယ်နဲ့ မိုး​မောက်မြို့နယ်တို့မပါဝင်ပါဘူး ။KIA နဲ့မဟာမိတ်တပ်​တွေက ၂၀၂၄ သြဂုတ်လ ၁၉ ရက်​နေ့မှာ မိုး​မောက်မြို့ ၊ ၂၀၂၅ ဇန်နဝါရီ လ ၈ ရက်မှာ မံစီမြို့တို့ကိုသိမ်းပိုက်ထားပါတယ် ။

စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ ဒေသ တွေထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုသာနှစ်ဖက် ညှိနှိုင်းပြီး အပစ်ရပ်ထားတာပါ။ တရုတ်အစိုးရရဲ့ထောက်ခံမှုနဲ့အကာအကွယ်ကိုအပြည့်အဝရထားတဲ့ MNDAA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာတာက ထူးခြားနေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။

“တရုတ်အစိုးရအကူအညီနဲ့အပစ်ရပ်ထားပြီးဆွေးနွေးနေဆဲမှာ ရှမ်းမြောက်ကမြို့တွေကို စစ်အုပ်ချုပ်ရေးကြေညာတာကတော့TNLAနဲ့ MNDAAအတွက် တစ်ခုခု ဆုံးဖြတ်ရတော့မယ်။ မကြာခင် အသံတွေကြားလာရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ စစ်တပ်နဲ့ဆက်ညှိမလား။ဒါမှမဟုတ် တိုက်ပွဲပြန်ဖော်မလား။ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကတော့ လုံးဝအသုံးမဝင်တာ ခွေးကအစသိတယ်” လို့ ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

MNDAAကတော့ဧပြီလ ၂၀ ရက်နေ့မှာတင်တပ်မဟာ (၃၁၁)လက်အောက်ခံတပ်ဖွဲ့တစ်ဖွဲ့ရဲ့ ၂၀၂၆ ခုနှစ် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားမှာ ဒုတိယတပ်မဟာမှူးက မိန့်ခွန်းပြောကြားရာမှာ ထူးခြားချက်အချို့ပါဝင်ခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ ခက်ခဲရှုပ်ထွေးနေတယ်လို့ ပြောသွားပြီး ယခုကဲ့သို့ စုပေါင်းလေ့ကျင့်ခြင်းဟာတပ်မဟာကော်မတီရဲ့ အရေးကြီးတဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ဖြစ်သလို တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ဖို့နဲ့ အထူးတပ်ဖွဲ့တွေ ပေါ်ထွက်လာဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေကိုစစ်အုပ်ချုပ်ရေးမကြေညာခင်တစ်ရက်အလို ဧပြီလ၂၂ရက်နေ့ကပဲ စစ်ကောင်စီထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ကခြေလျင်တပ်ရင်းခလရ(၄၁)ထဲကိုရှော့တိုက်ဒုန်းကျရောက်ပေါက်ကွဲခဲ့ပါတယ်။

“၁၀၂၇ စစ်ဆင်ရေးပြန်အသက်ဝင်မလားဆိုတာ တိတိကျကျမပြောနိုင်ပေမဲ့ ရှမ်းမြောက်မှာ လေယာဉ်ပျံနဲ့အသံနဲ့ ပိုကြားနေရပြီ” လို့ ကွမ်းလုံမြို့ခံတစ်ဦးက ဒီနေ့ ဧပြီလ ၂၄ရက်မနက်မှာ ပြောပါတယ်။

ဆက်စပ်သတင်းများ