ဧပြီ-၂၄၊၂၀၂၆။မိုမို/People’s Spring
မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)တိုက်ခိုက်မှုမှာ စက်ရုံအဆောက်အဦးမီးလောင်ပေါက်ကွဲခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးစစ်ကြောင်းက ဒီကနေ့ မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့လက်နက်ကုန်ကြမ်းတွေအတွက် သံသတ္တုတွေ၊အလူမီနီယံတွေကို အရည်ကြိုပေးတဲ့ ကပစ (၂၄)ကို ဧပြီ ၂၀ ရက်က ရှော့တိုက်ဒုံး၊လက်လုပ် ရော့ကတ်တွေနဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ကပစ(၂၄)ဆိုတာ အရည်ကျိုတဲ့စက်ရုံတခုပါပဲ။ ဒါပေမယ့် ယောနယ်ဖြစ်တဲ့ ထီးလင်း၊ဆော၊ကျောက်ထု ပြီးတော့ချင်းပြည်နယ်အစသဖြင့်ပေါ့အဲဒီဒေသတွေကို စစ်ကြောင်းထို့ဖို့ ဗျူဟာအရအရေးပါတယ်လို့ယူဆပါတယ်။ ကပစ (၂၄)မှာ စစ်တပ်ဟာ လူအင်အားရိက္ခာ အစသဖြင့်တွေ အများကြီးစုစည်းဝင်ရောက်နေတယ်။အဲဒါကြောင့် အခုလို တိုက်ပွဲဖော်ဆောင်ခဲ့တာပါ”လို့ မကွေးတိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အမျိုးသားအာကာသနဲ့လေကြောင်းဦးစီးဌာန NASAရဲ့ Fire Map ကနေ တဆင့် ကပစ(၂၄)စက်ရုံဝင်းအတွင်း ပေါက်ကွဲမှုဖြစ်တာကို တွေ့ရှိတယ်လို့ သူက ဆိုပါတယ်။
ဒါပေမယ့် တိကျတဲ့ အချက်အလက်နဲ့ စစ်တပ်ရဲ့ ထိခိုက်မှုတွေကို ဆက်လက်စိစစ်ဆဲလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ကပစ စက်ရုံတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စက်ရုံ အနီးဝန်းကျင်က ကျေးရွာတွေကို မနေ့က(ဧပြီ ၂၃ ရက်) ဂျက်ဖိုက်တာ ၆စီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဒရုန်းနဲ့ တိုက်ခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်တပ်ရဲ့မြေပြင်လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို သတိပြုပြီး နေထိုင်ကြဖို့လည်း မကွေးတိုင်းပကဖက တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း(ဧပြီ ၁၉ရက်)က မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က လေယာဥ်ဗုံးတွေထုတ်နေတဲ့ အမှတ် (၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁)ကို ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုရှိတယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


















































