ဧပြိ-၂၄၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရခိုင်ပြည်နယ်၊ သံတွဲမြို့က နာမည်ကျော်ကျော်ငပလီကမ်းခြေကို စစ်ကောင်စီက ဂျက်ဖိုက်တာ အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့ ဧပြီ ၂၄ရက် မွန်းလွဲ ၁နာရီကစပြီး ၂နာရီကျော်အထိ ဂျက်ဖိုက်တာ ၆စီးနဲ့ ဗုံးကြဲပြီး Y12လေယာဉ်ပတ်ပျံနေတာပါ။
” အခုတင် ဆက်တိုက်ကြဲနေတာ။ Y12လည်း ပတ်နေပြီဗျာ။ တော်တော် လူမဆန်တာပါ။ စစ်ရာဇဝတ်မှုကို ပေါ်တင်ကကျူးလွန်နေတာ”လို့ ရခိုင်ဒေသခံတစ်ဦးက လေကြောင်းရန်ကလွတ်အောင် တိမ်းရှောင်နေရင်း လက်ရှိအခြေအနေကို ပြောပါတယ်။

Public Service Announcement
လတ်တလောမှာ လေကြောင်းကနေ ဗုံးထပ်ကြဲနိုင်တဲ့အတွက် ထိခိုက်မှုအခြေအနေတွေကို မသိနိုင်သေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီက ဧပြိ၂၃ရက်ကလည်း ငပလီကမ်းခြေကို ဗုံးကြဲခဲ့ပါတယ်။
ငပလီကမ်းခြေက ကျင်းကန်ကြီးရွာကို ၂၀၂၅ ဒီဇင်ဘာ၂၉ရက် ညက ဗုံးကြဲခဲ့လို့ ကလေးငယ်သုံးဦးအပါအဝင် ကိုးဦးသေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေမှာ ပိုပြီးပြင်းထန်တဲ့
ပုံစံပြောင်းလာပြီး ပိုပြီးသတိပြုကြဖို့ အာရက္ခတပ်တော်(AA)နဲ့ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။ လေကြောင်းတိုက်ခိုက်ရာမှာ ဂျက်တိုက်လေယာဉ် ၂စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ပိုမိုသတိရှိကြဖို့ AAက သတိပေးပါတယ်။


















































