Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်မှာ စစ်တပ်က တစ်လအတွင်း ကျေးရွာ ၃၀ကျော် မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်က ကျေးရွာတွေကိုဆက်တိုက်မီးရှို့ဖျက်ဆီးရာ တစ်လအတွင်း ကျေးရွာ၃၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မြင်းခြံနယ်က ကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - Screengrab

ဧပြီ-၂၄၊၂၀၂၆၊ရှိန်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်က ကျေးရွာတွေကိုဆက်တိုက်မီးရှို့ဖျက်ဆီးရာ တစ်လအတွင်း ကျေးရွာ၃၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ရက်ကစတင်ပြီး စစ်တပ်ရဲ့ရဲကွန်မန်ဒိုစစ်ကြောင်းက မြင်းခြံမြို့နယ်က ကျေးရွာတွေကို ပစ္စည်းယူ၊မီးရှို့တာတွေ ဆက်တိုက်လုပ်ခဲ့တာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းအပြင် မြင်းခြံမြို့ပေါ်ကနေ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်တွေပေါင်းပြီး နောက်ထပ်စစ်ကြောင်းတွေထိုးကာ ကျေးရွာတွေက ပစ္စည်းတွေကို ကားတွေနဲ့တိုက်ယူပြီး နေအိမ်တွေကို မီးရှို့နေတာလို့ မြို့နယ်ပကဖ သတင်းထောက်လှမ်းရေးနဲ့ ပြန်ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရွာသစ်ကို မီးရှို့တဲ့ စစ်ကြောင်းပဲဗျ။ဒီနေ့လည်း ရွာတွေကို ထပ်ရှို့နေတယ်။ပစ္စည်းတွေ သယ်ပြီးမှရှို့တာ။မနက်အစောကတည်းက စစ်ကြောင်းဝင်လာတာ။အခုထိရှို့နေတုန်းပဲ”လို့ မြို့နယ်ပကဖ သတင်း ထောက်လှမ်း ရေးနဲ့ ပြန်ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ဟာ ဧပြီ ၂၂ရက်ကနေ ၂၄ ရက်အတွင်း တလုပ်မြို့ရွာ၊တောင်ပုံ၊မီးပေါက်၊ပျား၊တူရွင်းဖို့၊ကန်နီ၊ထိန်ပန်း၊မြို့ကြီးကုန်းနဲ့ ယုံတိုးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ၂၆ ရက်က နဘူးအိုင်ရွာကပြန်ထွက်လာတဲ့ရဲကွန်မန်ဒိုစစ်ကြောင်းလည်းရှိနေပြီး အဲဒီစစ်ကြောင်း၂ကြောင်းပေါင်းထိုးကာ ဖေဖော်ဝါရီ၂၆ရက်ကနေ ဧပြီ၁၈ ရက်အထိသင်္ဘောကျင်း၊ပတ္တရာ၊ပြည်တော်သာ၊ဒါးကျွန်း၊တန်ဆောင်း၊နတ်ညွှန်း၊သက်ကယ်ကျင်း၊‌‌‌ တောင်ကျွန်း၊ဖက်ပင်အိုင်၊ဆုံရွာ၊အိုင်းမ၊ကျောင်းဖြူကန်၊တူရွင်းဘို့၊ထိန်ပန်း၊ရွာသစ်၊ကျီးပင်ကန်၊ယုံထိုးစွယ်၊ဆိတ်ကုန်း စတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

ဖက်ပင်အိုင်ရွာကို စစ်တပ်ဝင်စီးချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတာတွေ၊ပစ်သတ်တာတွေကြောင့် သေဆုံးသူပြည်သူ ၈ဦးရှိခဲ့ပြီး မြို့ကြီးကုန်းရွာကို မီးရှို့စဉ်မှာလည်း သေဆုံးသူတွေရှိခဲ့သေးတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒီနေ့အထိ စစ်တပ်က ကျေးရွာတွေကို မီးလိုက်ရှို့ နေတာမို့ သေဆုံးသူစာရင်းကအတိအကျ မသိရသေးပါဘူး။

ဒါ့အပြင် ပစ္စည်းလု ၊မီးရှို့တဲ့ကျေးရွာစာရင်းကလည်း လက်ရှိရထားတဲ့ ကျေးရွာစာရင်းထက်ပိုများနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်ဟာ နွားထိုးကြီး၊မြင်းခြံနဲ့ တောင်သာမြို့နယ်က ကျေးရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေပြီး မြို့တွေ ပေါ်မှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေလည်းပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ