ဧပြီ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြို့နယ်၊ ပေါခလိုးမြစ်ဝှမ်းဒေသမှာ ဌာနေလူမျိုးစုတို့ရဲ့ ထိန်းသိမ်းနယ်မြေကို တရားဝင်ကြေညာခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။
အဲဒီလို ပေါခလိုးဌာနေလူမျိုးစု ထိန်းသိမ်းနယ်မြေ သတ်မှတ်အတည်ပြုဖို့ အခမ်းအနား ကို ဧပြီ ၂၂ရက်ကနေ ၂၄ရက်နေ့အထိ ၃ရက်ကြာ ကျင်းပခဲ့ပြီး KNU ခေါင်းဆောင်တွေနဲ့ ဒေသခံတွေ စုစုပေါင်း လူဦးရေ တထောင်ကျော်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဌာနေလူမျိုးစုထိန်းသိမ်းနယ်မြေ သတ်မှတ်ရခြင်း ရည်ရွယ်ချက်မှာ ဌာနေလူမျိုးစုများအနေနဲ့ ကိုယ့်ရဲ့ တောတောင်နယ်မြေဒေသ၊ သဘာဝသယံဇာတများကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရရှိကျင့်သုံးနိုင်ရေးအပါအဝင် ဘိုးဘွားအစဥ်အဆက် ထိန်းသိမ်းလာခဲ့သော သဘာဝအရင်းအမြစ်များနဲ့ ရိုးရာယဥ်ကျေးမှုများကို နောင်မျိုးဆက် အဆက်ဆက်တိုင်အောင်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ဖြစ်ကြောင်း KNUက ရှင်းပြထားပါတယ်။

Public Service Announcement
“သစ်တောနဲ့ကျနော်တို့ဟာ ခွဲလို့မရဘူး။ တောရိုင်းတိရစ္ဆာန်တွေကိုလည်း ကျနော်တို့ခွဲထားလို့မရဘူး။ သူတို့အစား အစာရှာဖို့နဲ့ မိတ်လိုက်တိုးပွားဖို့ တစ်နေရာကနေတစ်နေရာကို သွားလာနိုင်ရမယ်။ ကျွန်တော်တို့လူသားတွေလည်း စိတ်ဝမ်းကွဲလို့မဖြစ်ဘူး။ စည်းလုံးညီညွတ်စွာနဲ့ အတူရှင်သန်နေထိုင်ရမယ်။ သဘာဝပတ်ဝန်းကျင်နဲ့လည်း ကျွန်တော်တို့ ခွဲလို့မရဘူး။ သစ်တော၊ သဘာဝပတ်တန်းကျင်တွေနဲ့ ကျနော်တို့ယှဉ်တွဲနေထိုင်ရမယ်။ ဒါကြောင့် ကျွန်တော်တို့ ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်အနေနဲ့ ပေါခလိုးဌာနေလူမျိုးစုတို့ထိန်းသိမ်းနယ်မြေကို ဝမ်းသာအားရ ကြိုဆိုထောက် ခံပါတယ်” လို့ KNU ထားဝယ်ခရိုင် အတွင်းရေးမှူးဖြစ်သူ ပဒိုစောအယ်နားက ပြောပါတယ်။
ဒီနယ်မြေဟာ KNU မြိတ်ထားဝယ်ခရိုင်က အကောင်အထည်ဖေါ်လုပ်ဆောင်နေတဲ့ ကစယ်ဒိုထိန်းသိမ်းနယ်မြေ ရဲ့ အစီအစဉ်နဲ့အိမ်မက်ကို အားဖြည့်ပေးတဲ့အရာတစ်ခုဖြစ်ကြောင်း ပဒိုစောအယ်နားက ပြောပါတယ်။
အခုလို ကြေညာတာဟာ ဌာနေ လူမျိုးစုတွေရဲ့ မွေးရာပါ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ဘိုးဘွားမြေယာတွေနဲ့ ရေအရင်းအမြစ်တို့ကိုထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်နဲ့ အားလုံး ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ရိုးရာယဉ်ကျေးမှုရှင်သန်ရေး၊ နဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုလုံးကျန်းမာရေး၊ စတာတွေကို ခိုင်မာစွာ ပြသခြင်းတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပေါခလိုး ဌာနေလူမျိုးစုတို့ထိန်းသိမ်းနယ်မြေဟာ သက်ရှိနယ်မြေတစ်ခုဖြစ်ပြီး ဒေသခံဌာနေ လူမျိုးစုများမှ မျိုးဆက်အဆက်ဆက် စီမံအုပ်ချုပ်လာတဲ့နယ်မြေဖြစ်တယ်လို့ ဆိုပါတယ်။
ပေါခလိုး ဌာနေလူမျိုးစုတို့ထိန်းသိမ်းနယ်မြေဟာမြစ်ချောင်း၊ သစ်တော၊ တောင်တန်း၊ စိုက်ပျိုးမြေယာနဲ့ အထွတ် အမြတ်ထားရာနယ်မြေဒေသများကို လွမ်းခြုံတဲ့ ကျယ်အဝန်း ဧကသုံးသိန်းခွဲကျော် ရှိတဲ့ဒေသ ဖြစ်တယ်လို့ အသိပေးထားပါတယ်။ဒေသခံတွေရဲ့ လူနေမှုဘဝ၊ လူမျိုးလက္ခဏာနဲ့ယဉ်ကျေးမှုတို့ဟာနယ်မြေနဲ့ ဆက်နွယ်လျက် ရှိဟုလည်း ဖော်ပြပါတယ်။ဒါ့အပြင် ဒေသခံလူထု အများစုရဲ့ သဘောတူလက်မှတ်ထိုး ထောက်ခံမှုနဲ့အတူ နယ်မြေရဲ့ အခြေခံ ဥပဒေကို အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဆယ်စုနှစ်များစွာ ရင်ဆိုင်လာရတဲ့ မြေယာသိမ်းပိုက်မှု၊ စစ်ရေးလှုပ်ရှားမှုနဲ့ ဒေသခံများရဲ့ သဘောထား မပါဘဲ လုပ်ဆောင်သောဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အထူးသဖြင့် ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်ရေးသဘော တူစာချုပ် လက်မှတ်ထိုးမှုအပြီး နယ်မြေအတွင်း အလုံးအရင်း ဝင်လာတဲ့ ထိခိုက်ပျက်စီးမှုများတဲ့ စီမံကန်းတို့အား တုန့်ပြန်ခုခံဆန့်ကျင်တဲ့အနေနဲ့ ပေါခလိုးဌာနေ လူမျိုးစုတို့ ထိန်းသိမ်းနယ်မြေကို ကြေညာခြင်းဖြစ်ကြောင်း KNUက ထုတ်ပြန်ပါတယ်။
လမ်းမစီမံကိန်း၊ မြေအောက်သယံဇာတတူးဖေါ်ရေး၊ နဲ့ အခြားသောသဘာဝအရင်း အမြစ်ထုတ်ယူရောင်းချရေးတို့ဟာ မြစ်ချောင်း၊ သစ်တော၊ အသက်မွေးဝမ်းကျောင်းစနစ်နဲ့ အထွတ်အ မြတ်ထားရာ နေရာဒေသတွေအပေါ် ကြီးမားစွာ ခြိမ်းခြောက်နေကြောင်း ဖော်ပြထားပါတယ်။
ဘိုးဘွားမြေယာကို လက်လွတ်ဆုံး ရှုံးပေးရမယ့်အစား (သို့မဟုတ်) ဖျက်ဆီးခံပေးရမယ့်အစား ဓလေ့ထုံးတမ်းဥပဒေ၊ ဌာနေအသိပညာနဲ့ ဓလေ့ ထုံးတမ်းကျင့်ဝတ်များနဲ့ နယ်မြေကို စီမံအုပ်ချုပ်ကာကွယ်သွားမယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
ပေါခလိုးဌာနေလူမျိုးစုတို့ထိန်းသိမ်းနယ်မြေဟာ စာရွက်ပေါ်ရှိကြေငြာချက်တစ်ခုသာမဟုတ်ကြောင်း အသိပေးထားပြီး သစ်တောနဲ့ မြစ် ချောင်းများရှင်သန်ရေးအတွက် ဒေသခံအသိုင်းအဝိုင်းကိုယ်တိုင်ကစီမံခန့်ခွဲနေသော ကျေးရွာပိုင်ဘုံသစ်တော ၁၁ ခု၊ ငါးထိန်းသိမ်းရေးဒေသ ၁၅ ခုအပြင် ရိုးရာယုံကြည်မှုအရအထွက်အမြတ်ထားသောသစ်တော၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေး၊ သစ်တောနဲ့ရောနှော စိုက်ပျိုးသောဥယျာဉ်ခြံမြေများ၊ စတာတွေနဲ့ ပြည်စုံနေတဲ့ သက်ရှိနယ်မြေဖြစ်ကြောင်းဖော်ပြထားပါတယ်။





















































