ဧပြီ-၂၈၊၂၀၂၆။တေဇ/People’s Spring
အာဏာသိမ်းစစ်တပ်က ဓားစာခံလိုမျိုးဖမ်းဆီးထားတဲ့ မိခင် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးတောင်းဆိုပေးတဲ့ နိုင်ငံတွေနဲ့ သံရုံးတွေကို ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ) ကင်မ်အဲရစ်ကပြောပါတယ်။
“ကျွန်တော်တို့နဲ့အတူ ခိုင်မာစွာရပ်တည်ပေးကြတဲ့ မြန်မာနိုင်ငံက သံရုံးများနဲ့ နိုင်ငံများအားလုံးကိုကျေးဇူးတင်ပါတယ်။ United Kingdom ၊ ဩစတေးလျ ၊ ကနေဒါ ၊ ဂျာမနီ ၊ နော်ဝေ ၊ ဥရောပသမဂ္ဂဂ္ဂ နိုင်ငံများ ၊ ဖိလစ်ပိုင် ၊ ထိုင်းနဲ့ အမေရိကန်နိုင်ငံ အစရှိတဲ့ နိုင်ငံတွေက စစ်အာဏာရှင်က ဓားစာခံသဖွယ်ဖမ်းဆီးထိန်းသိမ်းထားတဲ့ မေမေဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးကို ဆက်လက်တောင်းဆို ပေးနေကြပါတယ်။”လို့ ဧပြီ ၂၇ ရက်မှာလူမှုကွ်ယက်ကတဆင့် ဗီဒီယိုမှတ်တမ်းကနေ ကင်မ်ကပြောပါတယ်။
စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းအမှောင်ချထားချိန်မှာ အခုလိုတောင်းဆိုတာ တွေက အထောက်အကူဖြစ်စေတယ်လို့ဆိုပါတယ်။

Public Service Announcement
“သားတစ်ယောက်အနေနဲ့ ကျွန်တော်မေမေနဲ့ပတ်သက်ပြီး ဘာမှမသိရပါဘူး။ မေမေဘယ်မှာရှိတယ်ဆိုတာလည်း မသိဘူး။ ဘယ်လိုအခြေအနေရှိတယ်ဆိုတာလည်း မသိပါဘူး။ “လို့ မိခင်နဲ့ပတ်သက်ပြီး ကင်မ်ကရင်ဖွင့်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှ်ိနေကြောင်း သက်သေပြဖို့အတွက်လည်း Proof Of Life ကမ်ပိန်းကို ပြုလုပ်နေပြီး ပြည်တွင်းရော ပြည်ပက ပြည်သူတွေ အင်တိုက်အားတိုက် ပါဝင်ကြတာကိုတွေ့ရပါတယ်။
ဒါကြောင့်လည်း စစ်တပ်ဘက်က ဒီကမ်ပိန်းကို ဦးဆောင်တဲ့ All In One Piece Movement ရဲ့ပေ့ခ်ျကို တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ဧပြီ ၂၆ရက်က အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက် စစ်တပ်ရဲ့ လွတ်ငြိမ်းမှာ သမ္မတကြီး ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုတော့ စစ်တပ်က သတင်းအမှောင်ချထားပါတယ်။
ပြီးခဲ့တဲ့ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည် အကြောင်းမေးမြန်းခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာထားရှိတယ်လို့ပဲ အပေါ်ယံဆန်ဆန်ဖြေကြားခဲ့ပါတယ်။
ဒိအပေါ် All In One Piece Movement က “ကျန်းမာစွာရှိပါကြောင်း၊ကောင်းမွန်စွာထားရှိပါကြောင်း၊ကောင်းရာမွန်ရာရည်ရွယ်နေပါကြောင်း၊ စောင့်ရှောက်ထိမ်းသိမ်းထားပါကြောင်း၊အစသဖြင့် ပြောချင်ရာကိုပြောပါ။ဒါပေမယ့်….သက်ရှိထင်ရှားရှိနေသေးကြောင်းကိုအရင်သက်သေပြပါ။” လို့ ထုတ်ပြန်ထားပါတယ်။
“သင်တို့ရဲ့ ထောက်ခံမှုဟာ နိုင်ငံရေးဆိုင်ရာတင်မဟုတ်ပါဘူး။ လူသားဆန်မှုအပြည့်ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံကပြည်သူတွေအတွက်လည်း တစ်ယောက်တည်းမဟုတ်ဘူးလို့ အသိပေးရာရောက်ပါတယ်” လို့ ကင်မ်ကပြောပါတယ်။


















































