Connect with us

Hi, what are you looking for?

သတင်း

ဥ​ရောပသမဂ္ဂက မြန်မာစစ်အုပ်စုအ​ပေါ်ပိတ်ဆို့အရေးယူမှုနောက်တစ်နှစ်သက်တမ်းထပ်တိုး

မြန်မာနိုင်ငံကအာဏာသိမ်းစစ်အုပ်စုအပေါ် သတ်မှတ်ထားတဲ့ပိတ်ဆို့ အရေးယူမှုတွေကိုနောက်ထပ်တစ်နှစ် သက်တမ်း ထပ်တိုးမယ်လို့ ဥရောပ သမဂ္ဂ (EU)က ကြေညာလိုက်ပါတယ်။

(အာဏာသိမ်း​ခေါင်း​ဆောင် ဦး​ဆောင်တဲ့စစ်အုပ်စုကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-AP)

ဧပြီ-၂၈၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံကအာဏာသိမ်းစစ်အုပ်စုအပေါ် သတ်မှတ်ထားတဲ့ပိတ်ဆို့ အရေးယူမှုတွေကိုနောက်ထပ်တစ်နှစ် သက်တမ်း ထပ်တိုးမယ်လို့ ဥရောပ သမဂ္ဂ (EU)က ကြေညာလိုက်ပါတယ်။

စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်ရော၊ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေအပေါ် ပိတ်ဆို့ အရေးယူမှုတွေ စတင်လာခဲ့ပါတယ်။ လက်ရှိမှာတော့ EUရဲ့ ပစ်မှတ်ထား ပိတ်ဆို့မှု စာရင်းထဲမှာ လူပုဂ္ဂိုလ် ၁၀၅ ဦးနဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီ ၂၂ ခုတို့ ပါဝင်နေပါတယ်။

အဲဒီအရေးယူပိတ်ဆို့မှုတွေမှာတော့ပိုင်ဆိုင်ခွင့်တွေကို ထိန်းချုပ်တာ၊ EU အဖွဲ့ဝင် နိုင်ငံတွေဆီ ခရီးသွားမှုကို တားဆီးတာ၊ လက်နက်ရောင်းချမှု တားဆီးတာစတဲ့ အစီအမံတွေ ပါဝင်နေပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၂၇ ရက်နေ့မှာတော့ EUက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို အနည်းဆုံး ၂၀၂၇ ခုနှစ်၊ မေလထိ ဆက်လက် ထားရှိသွားမယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အတုအယောင်အရပ်သား အစိုးရကို ဟန်ဆောင်ဖွဲ့စည်းပြီး သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့နောက် ရက်ပိုင်း အကြာမှာပဲ EUက အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ကာလတလျှောက် မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်မှုတွေကို EUက အပြင်းအထန် ထပ်မံရှုတ်ချလိုက်ကြောင်း EUရဲ့ မူဝါဒရေးရာနဲ့ ဦးစားပေး လုပ်ငန်းစဉ်တွေကို ချမှတ်ပေးလေ့ရှိတဲ့ ဥရောပ ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊အခြေခံလွတ်လပ်ခွင့်တွေကိုကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်မှုတွေ ဆက်လက် ကျူးလွန်နေဆဲလို့လည်း EUက စွပ်စွဲခဲ့ပါတယ်။

EU ရဲ့ ကြေညာချက်ထဲမှာတော့မြန်မာနိုင်ငံမှာ ရန်လို တိုက်ခိုက်မှုတွေ အားလုံး အဆုံးသတ်စေရေး၊ မတရား ဖမ်းဆီးထားသူတွေ လွတ်မြောက်ရေးကိုလည်း ထည့်သွင်း တောင်းဆိုထားပါတယ်။

စစ်တပ်ရဲ့အာဏာသိမ်းမှုဟာမြန်မာနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး နိုင်ငံရေးအရှုပ်အထွေးတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာဘေးဒုက္ခတွေကို ပေါ်ပေါက်လာစေခဲ့ပါတယ်။ အာဏာသိမ်းမှု နောက်ဆက်တွဲ စစ်ရေး ပဋိပက္ခတွေအတွင်း မြန်မာပြည်သူ ၃.၆ သန်းလောက် နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂ (UN)က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ကြေညာချက်အရ စစ်တပ်ရဲ့ လက်ချက်ကြောင့် အာဏာသိမ်း ကာလအတွင်း သေဆုံးသူ ၈၀၀၀ ဝန်းကျင် ရှိခဲ့ပြီး ဖြစ်ကြောင်းနဲ့ ၃၁၀၀၀ လောက် ဖမ်းဆီးခံခဲ့ရကြောင်း၊ ၂၂၀၀၀ ကျော်ဟာ မတရား ဆက်လက် ချုပ်နှောင် ခံထားရကြောင်း သိရပါတယ်။

EUက မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲအုပ်ချုပ်​ရေးအဖွဲ့ဆီဘဏ္ဍာရေး အထောက်အပံ့တွေတိုက်ရိုက်မရောက်ရှိအောင်ထိန်းချုပ်ထားမှာ ဖြစ်သလို စစ်တပ် ဦးဆောင်မှုကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ သဘောထားမျိုး ရောက်သွားစေနိုင်တဲ့အကူအညီအားလုံးကိုလည်း ဆိုင်းငံ့ထားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား- Business Standard

ဆက်စပ်သတင်းများ