ဧပြီ-၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်တောင်ပိုင်း အစပ်ဒေသကို စစ်တပ်က စစ်ရေးလှုပ်ရှားလာနေတာကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်လို့ ချင်းပြည်တောင်ပိုင်းက ချင်းဒေသကာကွယ်ရေးတပ်တွေ စုစည်းထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) သတင်းပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဆလိုင်းအောင်မင်းက သတိပေးပြောပါတယ်။
အင်အား ၂၀၀ခန့်ရှိတဲ့ စစ်တပ်ဟာလက်ရှိမှာ မင်းတပ်နဲ့ (၁၂)မိုင်ခန့်အကွာရှိ မကွေးတိုင်း ဆောမြို့နယ် ကံကြီးရွာကို ရောက်နေတာလို့ အသိပေးပါတယ်။
အဲဒီ စစ်တပ် စစ်ကြောင်းရဲ့ စစ်ရေးလှုပ်ရှားမှုဟာ လတ်တလော အခြေအနေအရ မင်းတပ်မြို့ကို ဦးတည်တာ မဟုတ်ဘူးလို့ သုံးသပ်ရကြောင်း၊ ဒါပေမယ့် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြောင်း CPU/CPA ဒုဥက္ကဋ္ဌလည်းဖြစ်သူဆလိုင်းအောင်မင်းက ပြောပါတယ်။

Public Service Announcement
“အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တဲ့ အနေအထားတော့ ရှိပါတယ်ဗျ” လို့လည်း ဆလိုင်းအောင်မင်းက ပြောပါတယ်။
မင်းတပ်ဒေသခံ တစ်ဦးကလည်း ကံကြီးကျေးရွာကို စစ်တပ် စစ်ကြောင်းရောက်တာဟာ အရင်က ဆောမြို့နယ် ကျောက်ထုဒေသကို နယ်မြေရှင်းလင်း စစ်ကြောင်းထွက်တဲ့ သဘောမျိုးဖြစ်နိုင်တယ်လို့ အသိပေးထားပါတယ်။
“မင်းတပ်အထိတကယ် အခုအင်အားနဲ့လည်းတက်မှာမဟုတ်ဘူး… တက်မယ်ဆိုလည်း ပေါက် ကပစ ရောက်နေတဲ့ စစ်ကြောင်းထပ်လှုပ်လိမ့်မယ် သို့မဟုတ် ဆိတ်ဖြူဖက်ကလှုပ်လိမ့်မယ် သို့မဟုတ် ဝေဟင်နဲ့ အင်အားတိုးတာတွေ ရှိမှာ စိတ်မချဖြစ်ရမှာလေ..။ ခုပုံစံအတိုင်းကပုံမှန်ပါဘဲ… စစ်ကြောင်းထွက်တဲ့ဖက် လက်နက်ကြီးပြောင်းလှည့်ထားတာတွေ ဒရုန်းတွေကင်းထောက်တာတွေတိုက်ခိုက်ရေး ဒရုန်း လူ ပြင်ဆင်တာက ပုံမှန်လည်းအဲ့လိုပါပဲ။ ကျနော်တို့တကယ်စိတ်ပူရမှာက ဝေဟင်လေကြောင်းရန်ရယ်… နောက်ထပ် ကျောက်ထုမှာအင်းအားထပ်တိုးလာမှာကိုရယ်… ပေါက်ဖက်က စစ်ကြောင်း ထပ်ရှေ့တိုးလာမှာရယ်.. စစ်ကြောင်းရှိတဲ့ဖက် ကပြည်သူတွေခရီးသွားတွေ အဖမ်းမခံရမိဖို့ပါပဲ” လို့ မင်းတပ်ဒေသခံက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
CPU/CPAဟာ ချင်းတောင်ပိုင်းက CDF မင်းတပ်၊ CDF ကန်ပက်လက်၊ CDF မတူပီနဲ့ CDF ဒိုင်ရ်တို့ အတူ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်သလို ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့လည်းဖြစ်ပါတယ်။
တဖက်မှာ စစ်တပ်ဟာ ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ချင်းမြောက်ပိုင်းက ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြန်လည်ထိန်းချုပ်ထားပါတယ်။ ၂၀၂၅ ဧပြီ ၉ရက်မှာ ချင်းညီနောင်သိမ်းပိုက်ထားတဲ့ဖလမ်းကို စစ်ကောင်စီက ၂၀၂၅ အောက်တိုဘာက စပြီး စစ်အင်အားထောင်ချီ လေကြောင်း ပစ်ကူအများအပြားသုံး ထိုးစစ်ဆင်ခဲ့ရာ ၆လကျော်အကြာမှာ ပြန်လည်ထိန်းချုပ်သွားနိုင်တာဖြစ်ပါတယ်။
CPU/CPAအနေနဲ့ကတော့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ လက်မလွှတ်ရရေး လုပ်ဆောင်သွားမယ်လို့အသိပေးပါတယ်။ CPU/CPAဟာ မင်းတပ်၊ ကန်ပက်လက်၊ မတူပီစတဲ့ ချင်းတောင်ပိုင်း တခုလုံးကို ၂၀၂၄ အတွင်းမှာ ထိန်းချုပ်ထားတာဖြစ်ပါတယ်။
“ ရရှိပြီးသား နယ်မြေတွေ ပြန်မဆုံးရှုံးရအောင် တော်လှန်ရေးမဟာမိတ်တွေနဲ့ အတူပူးပေါင်းပြီး အကောင်းဆုံးပြင်ဆင်နေကြပါတယ်” လို့ ဆလိုင်းအောင်မင်းက ပြောပါတယ်။
ချင်းတောင်ပိုင်းဒေသရှိ တော်လှန်ရေးတပ်မှူးတဦးကလည်း မင်းတပ်အနေအထား စိုးရိမ်စရာမရှိ ကျောက်ထု အမြောက်တပ်ကိုသာ စိုးရိမ်ကြဖို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
“ လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ ချင်းနဲ့ ယောနယ်အားလုံး အရင်ထက် ပိုဂရုစိုက်ကြပါ။ ဗုံးခိုကျင်း မဖြစ်မနေ တူးကြပါ။ လေယာဉ် သတိပေးချက်ရတာနဲ့ ဗုံးခိုကျင်းထဲ ဝင်တက်တဲ့ အကျင့်လုပ်ထားရင် လေကြောင်းအန္တရာယ်က လွတ်ကင်းပါလိမ့်မယ်။ လေယာဉ်မကြောက်ချင်ယောင်ဆောင်တဲ့ ရောဂါကို ပြင်ကြပါ။ ကြောက်ကြောက် မကြောက်ကြောက် ကိုယ့်တာဝန်က ဗုံးခိုကျင်းထဲ ရောက်နေဖို့ လိုအပ်ပါတယ်။ နေ့တဓူ၀အလုပ်လို ဖြစ်လာရင် အဆင်ပြေလာပါလိမ့်မယ်။ လေယာဉ်ကြောက်စရာ မလိုတော့တဲ့နေ့ ရောက်လာဖို့အတွက် လက်ရှိ ကာလက တော်လှန်ရေးကာလဆိုတာ အမြဲ အမှတ်ရနေကြပါ။ ကျနော်တို့ နိုင်မှသာ ဒီအနိဋ္ဌာရုံတွေ ကနေလွတ်မြောက်နိုင်မှာဖြစ်တယ်” လို့ ချင်းတော်လှန်ရေးတပ်မှူးတဦးက စစ်ကောင်စီရဲ့ လေကြောင်းရန် သတိပြုဖို့ သတိပေးထားပါတယ်။
စစ်တပ်ဟာ မင်းတပ်မြို့ကို ဆုံးရှုံးခဲ့ရတဲ့ ၂၀၂၄ ဒီဇင်ဘာကစပြီးချင်းတောင်ပိုင်းနယ်မြေတွေကိုမြေပြင်ကနေ ဝင်ရောက်နိုင်တာမရှိဘဲ လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုတွေသာ လုပ်ဆောင်နေတာဖြစ်ပါတယ်။


















































