ဧပြီ-၂၈၊၂၀၂၆။ဇော်ရမ်း/ People’s Spring
ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာထဲက စစ်တပ်တပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး လက်နက်ကြီး နဲ့ ဒရုန်းတိုက်ပွဲ ပြင်းထန်နေပါတယ်။
လုံးခင်းကျေးရွာထဲကဂေါက်ကွင်း၊သုသာန်နဲ့ ဆေးရုံကုန်းမှာတပ်စွဲထားတဲ့စစ်တပ်စစ်ကြောင်းတွေကို ဧပြီလ၂၈ရက်နေ့ နေ့လည်ပိုင်းမှာ KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
“ပြင်းထန်တဲ့ပေါက်ကွဲသံတွေကြားနေရတယ်။ မြေပြင်မှာစစ်တပ်ဘက်ကတော်တော်အထိနာပုံရပြီးတော့လက်နက်ကြီးတွေရမ်းပစ်နေတယ်။ဒီပုံစံအတိုင်းဆိုလေကြောင်းလည်းလာနိုင်တယ်။ ဆေးရုံကုန်းမှာအဆိုးဆုံးဖြစ်နေတာ”လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
ဖားကန့်ကိုရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်၊ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်ပြီး လုံးခင်းကျေးရွာအုပ်စုထဲမှာအများဆုံးတပ်စွဲထားပါတယ်။ဖားကန့်ဒေသမှာ ဧပြီလ၂ရက်က စတင်တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်က လူနေအိမ်တွေနဲ့ လူမှုကူညီရေးရုံးတွေမှာပါ တပ်စွဲထားပါတယ်။ ဧပြီလ၁၀ရက်နောက်ပိုင်းတိုက်ပွဲတွေအတွင်း KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအရှိန်မြင့်ခဲ့ပြီးတိုက်ပွဲပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေအတွင်း စစ်တပ်ဘက်မှာထိခိုက်သေဆုံးမှုတွေများပြားနေတယ်လို့ စစ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။
“ဟိုတစ်ရက်က ဂေါက်ကွင်းထဲကတိုက်ပွဲမှာလည်း သေတယ်အထဲအရာရှိတွေလည်းပါတယ်။နေ့တိုင်းပဲ သေဆုံးတာတွေရှိတယ်။လုံးခင်းကိုသူတို့ထိန်းချုပ်ထားတော့ တိတိကျကျတော့ဘယ်သူမှမသိနိုင်ဘူး။ဒေသခံတွေလည်းတော်တော်သတိထားနေကြရတာ”လို့ဒေသခံတဦးကပြောပါတယ်။
လုံးခင်းကျေးရွာအုပ်စုထဲမှာစစ်တပ်စစ်ကြောင်းတွေရှိနေစဉ် ဧပြီလ ၂၅ ရက်နေ့ ည ၁၁နာရီမှာ အိမ်တစ်အိမ် ဓားပြတိုက်ခံခဲ့ရပါတယ်။စစ်သားတွေကအရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်တာလို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်စစ်ကြောင်းတွေကအရပ်သားပြည်သူတွေကိုဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေလည်းရှိနေပြီး လမ်းသွားလမ်းလာတွေဆီကနေ ငွေကြေးနဲ့ ရွှေထည်တွေလုယက်ယူဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
လက်ရှိစစ်ရေးအခြေအနေကြောင့်လုံခြုံရေးအထူးသတိပြုကြဖို့ KIAနဲ့ KPDF က သတိပေးထားပါတယ်။ စစ်ကောင်စီအင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း ဧပြီလ၂၂ရက်နေ့ကစပြီး ယာယီပိတ်ထားမယ်လို့ KIAက သတင်းထုတ်ပြန်ထားပါတယ်။ဒါ့အပြင်အဲဒီလမ်းမှာစစ်သားတွေလည်းရှိနေတဲ့အတွက်အရပ်သားပြည်သူတွေအတွက်အန္တရာယ်ကြီးတယ်လို့ သတိပေးနေကြပါတယ်။ဧပြီလ ၂၄ရက်နေ့ကလည်း ခရီးသွားကားတစီးကို စစ်တပ်ကသေနတ်နဲ့ပစ်ခတ်လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။
ယခုရက်ပိုင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းKIAနဲ့ KPDF က မိုးညင်းမြို့နယ်နဲ့ရွှေကူမြို့နယ်ထဲက စစ်တပ်စခန်းတချို့ကိုလည်းသိမ်းယူခဲ့ပါတယ်။

















































