ဧပြီ-၂၈၊ ၂၀၂၆။ ရှိန်း/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ စစ်တပ် တပ်စွဲထားတဲ့ နေရာနှစ်ခု တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိကာ အလောင်းတစ်လောင်းနဲ့ ခဲယမ်းတွေ ရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီနေ့ ဧပြီ ၂၈ရက်မနက် အစောပိုင်းမှာ တွင်းငယ်ရွာနဲ့ တကောင်းမြို့ကြားက စစ်တပ် လုံခြုံရေး ယူထားတဲ့ နေရာနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့ PDF တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်အလောင်း ၁လောင်းနဲ့ ကျည်ဘောက်တစ်ခုကို ရရှိခဲ့ပြီး တော်လှန်ရေးတပ်တွေ အထိခိုက်မရှိပြန်ဆုတ်နိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
“တကောင်း မြို့ပတ်ဝန်းကျင်မှာ ပြောက်ကျားတိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာ။ ကြာညှပ်ဘက်မှာလည်း ဖြစ်တယ်။ ဒီတိုက်ပွဲတွေက သတင်းမထုတ်ပြန်လို့။ မြို့သိမ်းပြီးမှ ပြောက်ကျားတိုက်ပွဲ တွေမှာ စစ်ကောင်စီတပ်ဘက်က အကျဆုံး တော်တော်များတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ကို စစ်တပ်က မတ်လ ၁၂ရက်မှာ ပြန်လည်ထိန်းချုပ်သွားပြီး အဲဒီစစ်ကြောင်းတွေဟာ ထီးချိုင့်မြို့ကနေ ကသာမြို့၊ ကသာမြို့ကနေ အင်းတော်မြို့ဆီ စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ ကသာမြို့အထွက် နဘားလမ်းဆုံအနီးမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကြောင်းတွေဟာ အင်းတော်မြို့နဲ့ ၆မိုင်အကွာကို ရောက်နေတယ်လို့သိရပါတယ်။


















































