ဧပြီ -၂၈၊၂၀၂၆။ထားမြတ်/People’s Spring
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ကိုကာကွယ်ဖို့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်စဉ်ကထက် စစ်အင်အားပိုကြီးနေပြီဖြစ်သလိုပိုမိုကောင်းမွန်များပြားတဲ့ မဟာမိတ်တွေနဲ့ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပြီဖြစ်ကြောင်း ချင်းတောင်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ ၄ခုစုစည်းထားတဲ့ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကပြောပါတယ်။
CPU/CPA ထိန်းချုပ်ထားတဲ့ချင်းတောင်ပိုင်းမင်းတပ်မြို့နဲ့ ၁၂မိုင်ခန့်အကွာမကွေး-ချင်းအစပ် ဆောမြို့နယ် ကံကြီးရွာကို စစ်တပ်က အင်အား ၂၀၀ ခန့်နဲ့ စစ်ရေးလှုပ်ရှားလာတဲ့ အခြေအနေအပေါ် ဧပြီ ၂၈ ရက်မှာ လူမှုကွန်ယက်မှတဆင့်ရှင်းလင်း အသိပေးစဉ် အခုလို ပြောပြခဲ့တာပါ။
စစ်ကောင်စီတပ်တွေ မင်းတပ်ကို လုံး၀ အခြေချခွင့်မရစေရဘူးလို့ ဆလိုင်းယောမာန်က ပြောပါတယ်။

Public Service Announcement
“ခုချိန်မှာ မင်းတပ်မြို့သိမ်းတိုက်ပွဲကထက်… အင်အားပိုမိုကြီးမားတဲ့တပ်အဖြစ် ကျနော်တို့ စုစည်းထားနိုင်တယ်။ အရင်ကထက် ပိုမိုကောင်းမွန်များပြားတဲ့ မဟာမိတ်တွေနဲ့ ချိတ်ဆက်မှုတွေ ရှိတယ်။ အင်အားကြီး အိမ်နီးချင်း မဟာမိတ်တွေနဲ့လည်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ်။ ကျနော်တို့မှာ အရည်အချင်းရှိတဲ့ မြို့သိမ်းစာမေးပွဲအောင်တပ်မှူးတွေရှိလာပြီဖြစ်တယ်။ ရဲဘော်တွေအားလုံးကလည်း စိတ်အားထက်သန်မှုရှိတယ်။ဒေသခံပြည်သူတွေကိုကျနော်တို့ ဦး
ဆောင်နိုင်တယ်။ ပြီးတော့ ကျနော်တို့ ကိုယ်တိုင်လည်းပဲ… စစ်ပွဲမှာ စားနပ်ရိက္ခာ၊ ဆေးဝါးကုသမှု၊ ထောက်ပို့ လုပ်တာတွေနဲ့ ပတ်သက်ပြီး တိုက်ပွဲနဲ့အညီ လိုက်လျောညီထွေစွာ လိုက်ပါလုပ်ဆောင်တတ်နေပြီ ဖြစ်တယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
ဧပြီနောက်ဆုံးပတ်မှာဖလမ်းမြို့ကို စစ်အုပ်စုက ပြန်ရသွားခဲ့ရာ နောက်ရက်မှာပဲ ချင်းတောင်ပိုင်းအစပ် မကွေးတိုင်း ကျောက်ထုအမြောက်တပ်မှစစ်တပ်စစ်ကြောင်းကမင်းတပ်နဲ့ ၁၂မိုင်သာဝေးတဲ့ ကံကြီးရွာကို လာရောက်တပ်စွဲခဲ့တာပါ။
အဲဒါနဲ့ပတ်သက်ပြီးဆလိုင်းယောာမန်က“မြေပြင်အရှိတရားကို ပြောရရင်တော့…ကံကြီးက စခတွေဟာ လက်ရှိအင်အားနဲ့ တက်လာမှာ မဟုတ်သလို၊ကျောက်ထုအမြောက်တပ် အမတ (၃၆၈) မှာ ရှိတဲ့ လက်ရှိစုပေါင်းအင်အားကလည်းချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဆင်နိုင်တဲ့ အင်အား မရှိပါဘူး။ဆိုတော့… ကံကြီးရွာ အနီးတဝိုက် စစ်ကြောင်းထွက် လှုပ်ရှားတာ၊ ကံကြီးမှာ အထိုင်ချ တပ်စွဲတာကလွဲလို့ မပိုပါဘူး။ကျောက်ထုအမြောက်တပ်ကို စခတွေ အင်အားဖြည့်ပြီးရင်တော့.. တက်လာနိုင်ပါတယ်။”လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
ကျောက်ထုကို စစ်ကောင်စီ အင်အားဖြည့်လာနိုင်မယ့်အခြေအနေနဲ့ပတ်သက်ပြီးလည်းသူကရှင်းပြပါတယ်။ကျောက်ထုကိုလေကြောင်း(သို့မဟုတ်) ကုန်ကြောင်းနဲ့ဖြည့်နိုင်ပေမယ့်လေယာဉ်နဲ့အင်အားဖြည့်ပါက လေယာဉ်ကွင်း ဆင်းသက်စဉ် လုံခြုံမှု အာမခံချက်မရှိတာကို စစ်ကောင်စီတပ်က သိလို့ကျောက်ထုကိုကုန်းကြောင်းကအင်အားဖြည့်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဆောင်းရာသီကစပြီး စကမဟာ ပခုက္ကူကနေ ပေါက် (ကပစ ၂၄) မှာ ထောင်ဂဏန်းနီးပါး အင်အားဖြည့်ပြီး ချင်းတောင်ပိုင်းကို တက်လာဖို့ ကြိုးစားပါတယ်။ ကျနော်တို့ ပူးပေါင်းခံစစ်မှာစကမဟာပုံတောင်ပုံညာနားတောင်ကောင်းကောင်းမကပ်နိုင်ဘဲ ကပစ (၂၄)ကိုပြန်ဆုတ်သွားပါတယ်။နောက်တော့… ချင်းပြည်မြောက်ပိုင်းက စစ်ရေးအခြေအနေကို စောင့်ပြီးမှသာ စကမဟာ ချင်းပြည်တောင်ပိုင်းကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ယူဆရတယ်။”လို့ဆလိုင်းယောမန်က ပြောပါတယ်။
စစ်တပ်ကဖလမ်းပြန်ရချိန် ချင်းတောင်ပိုင်းစတင်လှုပ်ရှားလာကြောင်း စစ်ကောင်စီအနေနဲ့ မကွေးတိုင်း ပေါက်မြို့နယ်ကနေကျောက်ထုကိုအင်အားဖြည့်တာ၊ကျောက်ထုဝန်းကျင်ကိုအင်အားသုံးရှင်းလင်းတာတွေလုပ်ဆောင်နိုင်ပြီးအဲဒီလိုလုပ်ဆောင်ပြီးမှသာကျောက်ထုလေယာဉ်ကွင်းကို ကောင်းကောင်းသုံးရမယ်လို့ ပြောပါတယ်။
“အဲဒီနောက်မှချင်းပြည်တောင်ပိုင်းကို စစ်ကြောင်းထိုးတဲ့အချိန်၊ မြောက်ပိုင်းကလည်း တစ်ကြောင်းထိုးပေါ့။ တော်လှန်ရေးအဖွဲ့တွေရဲ့ အင်အား၊ ခဲယမ်း၊ အရင်းအမြစ်တွေကို ခံစစ် ၂ နေရာမှာကွဲသွားအောင် လုပ်တာပေါ့။”လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ချင်းမြောက်ပိုင်းထိုးစစ် အခြေအနေတွေကိုလည်း ဆလိုင်းယောမာန်က အခုလို သုံးသပ်ပြပါတယ်။
“စကမရဲ့ ချင်းပြည်မြောက်ပိုင်းထိုးစစ်ကိုကြည့်မယ်ဆိုရင် စကမဟာအင်အား၁၅၀၀ ကနေ ၁၈၀၀ ဝန်းကျင်အထိ သုံးပြီး ၇ လဝန်းကျင်လောက်ကြာမှ ဖလမ်းကို ရတာ တွေ့ရတယ်။ဖလမ်းကို ရသွားတာကလည်း.. သူတို့စာအုပ်ဟောင်းကြီးထဲက နည်းအတိုင်းပါပဲ။လူအင်အား ဖြည့်တင်းနိုင်မှုနှင့် ခဲယမ်းအကန့်အသတ်မရှိထောက်ပံ့နိုင်မှုတို့ကြောင့်ပါ။ လေကြောင်းတိုက်ခိုက်မှုလည်း ပါသပေါ့လေ။ စကမဟာ ဗျူဟာကျမှု၊ နည်းစနစ်သပ်ရပ်မှုထက်… အရင်းအမြစ်အသာစီးနဲ့ ဆင်ကန်းတောတိုး အနိုင်ယူတာပါပဲ။ သူလည်း အနိုင်ရနိုင်မဲ့ဘက်ကနေပဲ လုပ်မှာကိုး။” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
စစ်ကောင်စီ ထိုးစစ် စစ်ကြောင်း သုံးကြောင်းဟာ အင်အား ၆၀၀ ခန့်၊ နောက်ချန်ထောက်ပို့လမ်းကြောင်းလုံခြုံရေး အင်အား (၄၀၀ ခန့်) စုစုပေါင်း အင်အား ၁၀၀၀ ဝန်းကျင်နဲ့ တက်လာတာလို့ ဖလမ်း အခြေအနေကို အသိပေးပါတယ်။
“CB(ချင်းညီနောင်) + CC(ချင်းပြည်ကောင်စီ) စုပေါင်းအင်အားဟာ စကမရဲ့ အင်အားထက်ဝက်လောက်ပဲရှိပေမဲ့ခုခံစစ်၆လတာဝန်းကျင်မှာ စကမ အင်အား(၃၀၀ ကနေ ၅၀၀)ဝန်းကျင်အထိကျဆုံး အထိနာအောင်တိုက်နိုင်ခဲ့တယ်။ဘယ်လိုနိုင်ငံရေး ကွဲလွဲမှုတွေရှိပါစေ… CB + CC စုပေါင်းခံစစ်ဟာ ထိရောက်မှုရှိခဲ့တာ အသေအချာပါပဲ။ လေးစားဂုဏ်ယူစရာ အားထုတ်မှုပါ။ စကမ ဟာကျဆုံးထိ
ခိုက်ဒဏ်ရာရတဲ့သူ့လူတွေနေရာမှာ အင်အား ၅၀၀ လောက်ထပ်ဖြည့်တဲ့အပြင် ခဲယမ်းပြတ်လပ်မှုမရှိတာ၊လေကြောင်းအကူရှိတာတွေကြောင့် ဖလမ်းကိုရသွားတယ်။(ဖလမ်းကိုစကမရသွားပေမဲ့လည်း ပွဲမပြီးသေးဘူး။ကျနော်တို့လုပ်စရာတွေရှိသေးတယ်။လုပ်နိုင်တာတွေအများကြီးရှိတယ်။ဒီ့ထက် ပိုအလုပ် လုပ်ကြမယ်။”လို့ဆလိုင်းယောမာန်က ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ဖလမ်းပြန်ရဖို့ထိုးစစ်မှာထိခိုက်ကျဆုံးနဲ့ လက်ရှိအင်အား တွက်ပါက ချင်းမြောက်ပိုင်း၌ အင်အား ၁၅၀၀ မှ ၁၈၀၀ အကြား အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ဘက်ကလည်းလူအင်အားထပ်ဖြည့်နိုင်တယ်၊ခဲယမ်းလုံလောက်တယ်ဆိုရင်.. ဖလမ်းကို ပြန်ပေးရစရာအကြောင်းမရှိပါဘူး။အဓိကအချက်က ဒါပါပဲ။ဘယ်သူ့ကိုမှအပြစ်တင်စရာမရှိပါဘူး။ ညီညွတ်ကြတယ်၊ စုစည်းကြတယ်ဆိုလည်း ခံစစ်ကို တုန့်ပြန်နိုင်လောက်တဲ့ တပ်အင်အား၊ ခဲယမ်းပမာဏ မရှိရင် ကာကွယ်နိုင်ဖို့ဆိုတာခက်ခဲပါလိမ့်မယ်။”လို့ဆလိုင်းယောမာန်ကပြောပါတယ်။
ချင်းတောင်ပိုင်းကိုစစ်ကောင်စီပြန်လိုချင်နေပြီး မင်းတပ်၊ ကန်ပက်လက်မှာ ခြေချခွင့်ရရင် မတူပီ၊ ပလက်ဝကို ရှေ့ဆက်တိုးမှာ ဖြစ်ကြောင်း ပြောပါတယ်။
“အဲဒီကနေတဆင့် အာရက္ခဒေသဘက် ဦးတည်မှာပဲ။တဘက်မှာ… စကမ လည်းသူ့ဟာသူ အသည်းအသန် အကျပ်ရိုက်တာတွေ ရှိနေတာပဲ။ ကျနော်တို့ သိရတဲ့သတင်းအရဆိုရင်…ဒီချင်းမြောက်ထိုးစစ်မှာကလေး(ဒကစ)မှာရှိတဲ့တတက(၁၀) သင်တန်းမှူးနဲ့ သင်တန်းကျောင်းအုပ်တို့ပါမြေပြင်စစ်ကြောင်းအထိလိုက်ပါနေရတယ်ဆိုတာသိရတယ်။လက်ရှိနိုင်ငံအနှံအပြားမှာ စကမ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေ (ကချင်၊ ကရင်နီ၊ ကရင်၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး) အပြင်… ချင်းတောင်ပိုင်းကို စစ်ကြောင်းထိုးတဲ့အခါ ချင်းမြောက်ပိုင်းကို ထိုးတဲ့စစ်ကြောင်းထက် အင်အားပိုပိုသာသာသုံးမှ ရမှာဆိုတာ စကမ သိတယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
ဒါပေမဲ့ချင်းပြည်မှာ စစ်ကြောင်းထိုးရတာဟာ မြန်မာနိုင်ငံရဲ့ တခြားနေရာတွေနဲ့မတူဘူးဟုလည်း အသိပေးပါတယ်။
“ဆင်ဖြူရှင်လက်ထက်ကတရုတ်နယ်ချဲ့ကျူးကျော်သူတွေကိုမြန်မာတွေအနိုင်ရတုန်းက၊ အင်္ဂလိပ်နယ်ချဲ့တွေ မြန်မာပြည်ကို စတိုက်တုန်းက… မြန်မာပြည်မှာ ရန်သူတွေအကြောက်ရဆုံး တပ် ၂ တပ် ရှိတယ်တဲ့… အဲဒါက ရောဂါနှင့် ရာသီဥတု။ ဒီဖက်ဆစ်နယ်ချဲ့ စကမတွေအတွက် ချင်းပြည်မှာလည်း တပ် ၂ တပ် ရှိတယ်… တောတောင်နှင့်ရာသီဥတုပဲ။ချင်းပြည်ရဲ့လမ်းပန်းဆက်သွယ်ရေးကို တလျှောက်လုံး လျစ်လျူရှုလာခဲ့တဲ့ စစ်တပ်ဟာ… အခုချိန်မှာ အဲဒါက သူ့အတွက်အကြီးမားဆုံး အခက်အခဲ ဖြစ်လာတာပဲ။”လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
ခုချိန်မှာမင်းတပ်မြို့သိမ်းစဉ်ကထက်ပိုကြီးတဲ့အင်အားဖြစ် စုစည်းထားနိုင်သလို မဟာမိတ်တွေနဲ့ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှု၊တိုက်ပွဲအတွေ့အကြုံရှိ တပ်မှူးတွေ ရဲဘော်တွေ ရှိသလို တိုက်ပွဲနဲ့အညီလိုက်လျောညီထွေစွာလုပ်ဆောင်နိုင်မှု အခြေအနေတွေကိုလည်း ရှင်းပြပါတယ်။
“စကမနဲ့ဒီတစ်ကြိမ်အားပြန်စမ်းကြတဲ့အခါ…ကျနော်တို့ရဲ့‘ယာယီလွတ်မြောက်မှု’ ဟာ ‘နှစ်ရှည်လွတ်မြောက်မှု’အဖြစ်ပြောင်းလဲသွားနိုင်တယ်ဆိုတာ သိထားရမယ်။ကျနော်တော့ကိုယ့်အဖွဲ့အစည်းကိုယုံတယ်။ရဲဘော်တွေကို ယုံတယ်။ ပြည်သူတွေကို ယုံတယ်။ ကျနော်တို့ အရင်ကလိုပဲ ဆက်ပြီး အတူရုန်းကန်ကြမယ်၊ အလုပ်လုပ်ကြမယ်ဆိုရင်.. မအောင်မြင်စရာ အကြောင်းမရှိဘူး။ ကျနော်တို့ အလုပ်ကြိုးစားလုပ်ဖို့ပဲလိုတယ်။ဒါအနှစ်၁၀၀မှာ တစ်ကြိမ်ရတဲ့ အခွင့်အရေးပဲ။အကျပ်အတည်းကို တောင့်ခံကြမယ်။အခက်အခဲကနေ အမြတ်ထွက်အောင် လုပ်ကြမယ်။ဒီခွေးမသားတွေ မင်းတပ်မှာ ဘယ်တော့မှခြေပြန်မချစေရဘူး”လို့ဆလိုင်းယောမာန်က ပြောပါတယ်။
CPU ဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး ဖေဖော်ဝါရီလမှာ အာရက္ခတပ်တော်(AA) ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ အဲဒီလို ဆွေးနွေးရာမှာ စစ်ကောင်စီ ထိုးစစ်ကို ခုခံဖို့ အပါအဝင် စစ်ရေး နိုင်ငံရေး ဆိုင်ရာတွေ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စရပ်တွေလည်း ပါဝင်ပါတယ်။


















































