ဧပြီ-၃၀၊၂၀၂၆။ဇော်ဝင်း/People’s Spring
Mobye – Local PDFတပ်ဖွဲ့ကို ဖြုတ်သိမ်းခဲ့တဲ့ အစီအမံအတွက် ကရင်နီပူးတွဲစစ်ဦစီးအဖွဲ့ရဲ့ စစ်ခုံရုံက တဆင့် ဥပဒေကြောင်းအရရင်ဆိုင်ဖြေရှင်းသွားမယ်လို့ အမှတ်(၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်)က ဒီကနေ့ ဧပြီ ၃၀ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် Mobye – Local PDF တပ်ဖွဲ့ကို အပြီးတိုင် ဖျက်သိမ်းမှုလုပ်ငန်းစဥ်ပြီးဆုံးပြီ ဖြစ်တဲ့အတွက် အဲဒီတပ်ဖွဲ့ ဆီက ပြည်သူလူထုကူညီထောက်ပံ့ပေးထားတဲ့ လက်နက်တွေကိုလည်း ပြည်သူ့အုပ်ချုပ်ရေးကောင်စီထံ အပြီးစီးအပ်နှံလိုက်ပြီလို့ ဆိုပါတယ်။
Mobye – Local PDF တပ်ဖွဲ့ခေါင်းဆောင် အောင်မင်းဟာ အရင်က မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှာ တပ်ရင်းမှူး ဖြစ်ခဲ့ပြီး တာဝန်ယူချိန်ကာလအတွင်း လူထုက အထောက်အပံ့တွေ၊ကာကွယ်ရေးဝန်ကြီး ဌာနကရရှိတဲ့ လက်နက်၊ခဲယမ်းတွေအပြင် အခြားစစ်ရေးထောက်ပံ့မှုတွေနဲ့ တိုက်ပွဲအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေကို ကိုယ်ကျိုးအတွက် သုံးခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
အဲဒီလုပ်ရပ်တွေကြောင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဦးဆောင်သူ အသစ်ပြန်လည်ရွေးချယ်မှုကို လက်မခံခဲ့ဘဲ အောင်မင်းက Mobye – Local PDF တပ်ဖွဲ့ ဖွဲ့စည်းပြီး ဘယ်တော်လှန်ရေး အဖွဲ့အစည်း ဦးဆောင်မှုမှာ မရပ်တည်ဘဲသီးခြားဖွဲ့စည်းတဲ့ အစုအဖွဲ့ ဖြစ်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Mobye – Local PDFတပ်ဖွဲ့ က စက်တော်ရာသံဃာတော်ကျောင်းထိုင်ဘုန်တော်ကြီးကို သတ်ဖြတ်တာ၊အလင်းဝင် CDM တပ်သားတွေနဲ့ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာ၊တော်လှန်ရေးရဲဘော်တပ်ခွဲမှူးကို လုပ်ကြံသတ်ဖြတ်တာနဲ့ အရပ်သားတွေကို သတ်ဖြတ်တဲ့ သက်သေတွေရှိတယ်လို့ အမှတ်(၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
အမျိုးသမီး၊ဘာသာရေးခေါင်ဆောင်နဲ့ ပြည်သူလူထုအပေါ် အသက်အန္တရာယ်ခြိမ်းခြောက်တဲ့သက်သေ၊ကိုယ်ထိလက်ရောက်ကျူးလွန်တာ အပါအဝင် တော်လှန်ရေးအလွဲသုံးစားသက်သေတွေရှိတယ်လို့လည်း အသိပေးပါတယ်။
အဲဒီပြစ်မှုတွေအတွက် တာဝန်ယူမှု၊တာဝန်ခံမှုရှိဖို့ မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေး၊ကျေးရွာအုပ်စုအုပ်ချုပ်ရေး၊ဘာသာရေးအသင်းအဖွဲ့၊ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေက တွေ့ဆုံဆွေးနွေညှိနှိုင်းရေး ကြိုးပမ်းခဲ့ပေမယ့် Mobye – Local PDF တပ်ဖွဲ့ခေါင်းဆောင် အောင်မင်းက အကြိမ်ကြိမ်လျစ်လျူရှု့ခဲ့ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းမယ့်တုံ့ပြန်ချက်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသတွင်းတော်လှန်ရေးအင်အားစုအသီးသီးက တော်လှန်ရေး၊အမျိုးသားရေးနဲ့ ဒေသတွင်း ဂုဏ် သိက္ခာတို့ကို စောင့်ထိန်းခဲ့ပေမယ့် အောင်မင်းဟဦ လူထုအပေါ် ခြိမ်းခြောက် အနိုင်ကျင့်မှုတွေ ပိုကျူးလွန်လာတယ်လို့ ဖော်ပြပါတယ်။
ဒါကြောင့် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အခုဧပြီ ၁၆ ရက်က ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီဝင်တွေ၊ကျေးရွာအုပ်စုမှူးတွေ နဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့ အစည်းအဝေးလုပ်ခဲ့ပြီး Mobye – Local PDF တပ်ဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းဖို့ ၊ လူထုထောက်ပံ့ပေးထားတဲ့ လက်နက်တွေကို လူထုထံပြန်ပေးဖို့ နဲ့ ကျူးလွန်တဲ့ပြစ်မှုတွေကို ဥပဒေအရ တာဝန်ယူတာဝန်ခံမှုရှိရေး သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီဆုံးဖြတ်ချက်အတိုင်း ညှိနှိုင်းဖြေရှင်းဖို့ အမှတ်(၁)အယ်လ်ဖာစစ်ဒေသ မိုးဗြဲတပ် နဲ့ ရှမ်းတောင် ကရင်နီတိုင်းစစ်ဌာန ဗျူဟာအမှတ်(၁၄)ကွပ်ကဲမှုအောက်က အမှတ်(၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ်တို့ ပူးပေါင်းပြီး တွေ့ဆုံဖို့သွားတဲ့အချိန်မှာ မိုးဗြဲအနောက်ဘက်ခြမ်းမှာ Mobye – Local PDF ဘက်က လက်မခံဘဲငြင်းခုံမှုနဲ့ ကတောက်ကဆ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အောင်မင်းဟာ သူ့တပ်သားတွေကို ဦးစွာပစ်ခတ်ဖို့ အမိန့်ပေးခိုင်းစေတာကြောင့် ဧပြီ ၂၄ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ Mobye – Local PDF ခေါင်းဆောင် အောင်မင်း အပါအဝင် ရဲဘော် ကိုးဦးကျဆုံးပြီး ယ်လ်ဖာစစ်ဒေသ မိုးဗြဲနဲ့ အမှတ်(၁၀၀၁)တပ်က ရဲဘော်သုံးဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။
နောက်ဆက်တွဲ ပြဿာနာတွေမဖြစ်ဖို့လည်း Mobye – Local PDFရဲ့ နောက်ချန်တပ်စခန်းက ရဲဘော်တွေကို ထိန်းသိမ်းပြီး ကရင်နီပြည်လုံခြုံရေးတပ်ဖွဲ့ထံ အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
Mobye – Local PDF ရဲဘော်တွေကို ပြန်လည်စိစစ်ပြီး စစ်အာဏာရှင်တော်လှန်ရေးအခန်းကဏ္ဍမှာ ဆက်လက်ပါဝင်လိုတဲ့ ရဲဘော်တွေနဲ့လက်တွဲ တိုက်ပွဲဝင်ဖို့လည်း ဆန္ဒရှိတယ်လို့ အမှတ်(၁)အယ်လ်ဖာစစ်ဒေသ မိုးဗြဲတပ် ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
တပ်ဖွဲ့ဖြုတ်သိမ်းခဲ့တဲ့ အစီအမံက ပုဂ္ဂိုလ်ရေး၊အဖွဲ့အစည်းအချင်းချင်း နဲ့ ရန်ညှိုးအာဃာတကြောင့် မဟုတ်ဘဲ တော်လှန်ရေးရပ်တည်ချက်ကြောင့် ဖြစ်ပွားခဲ့တာလို့ အသိပေးပါတယ်။
“ တကယ်က အောင်မင်းကို မျက်မုန်းကျိုးနေတာကြာပါပြီ။ပစ္စတိုအောင်မင်းလို့ လူသိများတယ်။ပစ္စတိုကို ဘယ်တော့မှ ခါးကမချဘူး။ပစ်ခံရတဲ့နေ့က တော်လှန်ရေးတပ်ဖွဲ့တွေက သွားခေါ်တာကို သူကအရင်ပစ်မိန့်ပေးတာ” လို့ ဖြစ်စဥ်ကို သိရှိသူက ပြောပါတယ်။
ဒါပေမယ့် အယ်လ်ဖာစစ်ဒေသအဖွဲ့က အပြစ်ရှိသူကို စစ်ဥပဒေအရအရေးမယူဘဲ ချောင်းမြောင်း ပစ်ခတ်ခဲ့တာလို့ မိုးဗြဲ Local PDF နဲ့ နီးစပ်သူ နှစ်ဦးက တုံ့ပြန်ထားပါတယ်။
လက်နက်အာဏာကို အသုံးပြုပြီး စစ်မှန်တဲ့ ပြည်သူ့အုပ်ချုပ်ရေးစနစ်အပေါ် ဟန့်တားတာ၊လူထုအပေါ် ဖိနှိပ်တာတွေ နဲ့ တော်လှန်ရေးကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေ အပါအဝင် ဒေသတွင်း အာဏာရှင် စနစ်တည်ဆောက်မယ့်လုပ်ရပ် တွေ နဲ့ စစ်တပ်ကို နိုင်ငံရေးစစ်ရေးအရ အထောက်အကူပြုတဲ့ လုပ်ရပ်တွေကို ပြတ်သားတဲ့ ဆန်ကျင်မှုတွေ လုပ်မယ်လို့ အမှတ်(၁)အယ်လ်ဖာစစ်ဒေသ မိုးဗြဲ တပ် က ကြေညာပါတယ်။
အခုဧပြီ ၂၀ရက်က ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးအဖွဲ့တွေစုစည်းပြီး အမှတ်(၁)အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်)ကို ဖွဲ့စည်းသတ်မှတ်ခဲ့တာဖြစ်ပါတယ်။
အယ်လ်ဖာစစ်ဒေသအနေနဲ့ ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီရဲ့ကာကွယ်ရေးဝန်ကြီးဌာန (DOD) ၊ကရင်နီ ပူးတွဲ စစ်ဦးစီးကော်မတီ နဲ့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တို့ရဲ့ နိုင်ငံရေး ၊စစ်ရေးနှင့် အုပ်ချုပ်မှု၊ ထောက်ပံ့မှုအောက်မှာ တည်ရှိပါတယ်။




















































