မေ-၁၊၂၀၂၆။ သုည/People’s Spring
စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြပေးဖို့နဲ့ အလုပ်သမားနေ့ လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၁) မှာ ပြုလုပ်ခဲ့ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဖားကန့်မှော်လှည့်သပိတ်နဲ့ဖားကန့်သပိတ်အင်အားစုတွေကဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ မှာ စစ်အာဏာရှင်လက်အောက် အလုပ်သမားအခွင့်အရေး ဆုံးရှုံးပြီး မတရား ဖိနှိပ်ခံနေရတဲ့ မြန်မာတနိုင်ငံလုံးရှိ အလုပ်သမားလူတန်းစား အသီးသီးက စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ဖို့ ဆက်လက်တိုက်ပွဲဝင်ကြဖို့ ကြွေးကြော်ပြီးစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
“ ဒီမိုကရေစီလွတ်လပ်မှုနှင့် တရားမျှတမှုအတွက်တိုက်ပွဲဝင်ကြပါစို့” လို့ကြွေးကြော်ပြီး ဆယ်နဲ့ချီတဲ့ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေက လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement
“ အလုပ်နေရာတွင် တရားမျှတမှုရှိမှ လူမှုအသိုင်းအဝိုင်းတွင်လည်းရှိမည်” ၊ “ အလုပ်သမားတွေမငြိမ်ဘူး တရားမျှတမှုလိုချင်တယ်” ၊ “ စုပေါင်းဖွဲ့စည်းခွင့်သည် ဒီမိုကရေစီ၏ အခြေခံဖြစ်သည်” စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွတ်ပေးဖို့ စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဓါတ်ပုံကိုသာထုတ်ပြတဲ့အပေါ် “ ကျွန်တော်တို့အားလုံးတောင်းဆိုနေသည်မှာ သက်ရှိထင်ရှားရှိကြောင်း ဓါတ်ပုံပြရန်မဟုတ်ပါ သင်သေပြပါ။” လို့လည်းကြွေးကြော်ဆန္ဒပြကြပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့အတွက် Proof of life လှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
“ စစ်အုပ်စုအနေနဲ့ ဓါတ်ပုံပြဖို့ မဟုတ်ဘဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြပါ” လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက တောင်းဆိုခဲ့ကြပါတယ်။
ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် “ Proof of life” လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါသည်။
ရွှေဘိုမြို့နယ်မှာလည်း ဒေသခံပြည်သူတွေနဲ့ သပိတ်အင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက် ကျန်းကျန်းမာမာ ရှိနေသေးကြောင်း သက်သေပြပေးဖို့ အလေးအနက် တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်းမှာလည်း ဒေသခံပြည်သူတွေနဲ့ ပခုက္ကူလူထုတိုက်ပွဲကော်မတီတို့ စုပေါင်းကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် “ Proof of life” လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြပါသည်။
ဆန္ဒပြပြည်သူတွေက “ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း “ ဓါတ်ပုံပြရန်” မဟုတ်ပါ “ သက်သေပြရန်” တောင်းဆိုနေတာဖြစ်ပါတယ်” “ Proof of life – right now” ၊ “ Show Us, Show the World” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ဓာတ်ပုံပြတာ မဟုတ်ဘဲ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဓာတ်ပုံ – GSCB၊ ကလေးလူထုသပိတ်၊ ပခုက္ကူလူထုတိုက်ပွဲကော်မတီ၊ ရွှေဘိုသပိတ်အင်အားစု






























































