မေ-၉၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ဒီကနေ့ မေလ ၉ရက် ညနေပိုင်းမှာ လူငယ် ၂၀ကျော် ဖမ်းဆီးပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ညနေပိုင်းက မုံရွာမြို့၊ ကျောက္ကာလမ်းမီးပွိုင့်က မျိုးဆက်သစ် လျှပ်စစ်ပစ္စည်းရှေ့မှာ လူငယ် ၁၀ဦးခန့်၊ ရွှေဝါရောင်လမ်းနဲ့ အေးရိပ်သာလမ်းမှာ ရှစ်ဦးကို စစ်တပ်က အိမ်စီးကားနှစ်စီးနဲ့ ခွဲတင်ကာ ဖမ်းဆီးပေါ်တာဆွဲသွားကြောင်း Monywa Revolution က အသိပေးပါတယ်။
ဒါ့အပြင် အောင်မဟာလမ်းပေါ်မှာလည်း လမ်းကိုပိတ်ပြီး ပေါ်တာဆွဲလို့ ၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း Monywa Revolution က ထပ်မံ အသိပေးပါတယ်။

Public Service Announcement
“တော်တော်ဆွဲတယ်။ စီမံချက်နဲ့ ဆွဲနေတာလို့ ကြားတယ်။ မနက်ခင်းပဲထွက်ပြီး နေ့လယ်ဆို အပြင်မထွက်တော့ဘူး”လို့ မုံရွာမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ မေလဆန်းကလည်း မုံရွာမြို့ပေါ်က နေအိမ်တွေအထိတက်ပြီး ပေါ်တာဆွဲလို့ လူငယ်အများအပြား ဖမ်းဆီးခံလိုက်ရပါသေးတယ်။ မုံရွာမြို့ပေါ်မှာ စစ်တပ်ရဲ့ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေပြီး အလုပ်သမားတွေ အလုပ်သွားဖို့ကို ခက်ခဲနေကြောင်း သိရပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ စစ်မှုထမ်းအပတ်စဥ် (၂၄)ကို စတင်နေပြီဖြစ်ပါတယ်။

















































