မေ – ၁၁ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ဖာပွန်မြို့နယ်၊ကမမောင်းမြို့မှာပြီးခဲ့တဲ့ရက်ပိုင်း မေလ ၇ ရက်မှာအင်အား ၅၀၀ထက်မနည်းပါတဲ့စစ်တပ်စစ်ကြောင်းရောက်ရှိလာပြီးဖာပွန်ဗျုဟာဆီဦးတည်ကာစစ်ကြောင်းထိုးဖို့ရှိနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာလှိုင်းဘွဲ့မြို့နယ်၊မြိုင်ကြီးငူဒေသကတဆင့်သံလွင်မြစ်ကိုဖောင်၊စက်လှေတွေနဲ့ ဖြစ်ကူးကာဖာပွန်မြို့နယ်၊ကမမောင်းမြို့၊ အုန်းတောရွာကိုရောက်ချလာတာပါ။
သံလွင်မြစ်အနောက်ဘက်ကမ်းရှိကမမောင်းမြို့အနီးကအုန်းတောရွာဟာ ကရင့်နယ်ခြားစောင့်တပ် ( BGF) ၊အမှတ်( ၁၀၁၄)တပ်ရင်းထိန်းချုပ်ထားတဲ့ရွာဖြစ်ပါတယ်။

Public Service Announcement
အခုတော့စစ်တပ်စစ်ကြောင်းဟာအုန်းတောရွာကတဆင့်ကမမောင်း -ဖာပွန်လမ်းပိုင်းမှာရှိတဲ့ဝါးဒူးရွာဆီဆက်လက်ဦးတည်သွားတယ်လို့သိရပါတယ်။ ဝါးဒူးရွာမှာတော့ အရင်ကတည်းက တပ်စွဲထားတဲ့စစ်တပ်လည်းရှိနေပါတယ်။
ဝါးဒူးရွာဆီစစ်တပ်စစ်ကြောင်းဦးတည်ရာမှာ ဗိုလ်မောင်ချစ်ဦးဆောင်တဲ့ BGF(၁၀၁၄) တပ်ရင်းက လိုက်ပါ ပို့ဆောင်ပေးတယ်လို့ ကနဦးသိထားရပြီးဝါးဒူးကျေးရွာအထက်က KNU တပ်မဟာ(၅)ထိန်းချုပ်ထားတဲ့ ဝါသိုးခိုကျေးရွာဆီဆက်တက်သွားရင် တိုက်ပွဲတွေဖြစ်ဖို့အခြေအနေရှိနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ဗိုလ်မောင်ချစ်ဦးဆောင်တဲ့ကရင်နယ်ခြားစောင့်တပ်(BGF) အမှတ် (၁၀၁၄)တပ်ရင်းဟာ BGF ကနေ အသွင်ပြောင်းဖွဲ့စည်းလိုက်တဲ့ ကရင်အမျိုးသားတပ်(KNA)မှာ ပြောင်းလဲလိုက်ပါဖွဲ့စည်းခဲ့ပေမယ့် KNA ဘက်တံဆိပ်ကိုတော့ လက်ရှိအချိန်အထိ ပြောင်းလဲတပ်ဆင်တာ မရှိပါဘူး။
BGF (၁၀၁၄) တပ်ရင်းဟာ စစ်တပ်လက်အောက်ခံနယ်ခြားစောင့်တပ်အဖြစ်ရှိနေဆဲဖြစ်ပြီးစစ်တပ်ပေးတဲ့လစာရိက္ခာတွေကိုဆက်ယူသလို BGF ဘက်တံဆိပ်ကိုလည်းအသုံးပြုနေဆဲလို့သိရပါတယ်။
စစ်တပ်စစ်ကြောင်းဟာဝါးဒူးရွာကနေတဆင့်ကမမောင်း-ဖာပွန်လမ်းအတိုင်းကတိုင်တိဗျူဟာစခန်းဆီစစ်ကူနဲ့ ရိက္ခာပစ္စည်းတွေ ပို့ဆောင်ပေးသွားမှာဖြစ်ပြီးကတိုင်တိဗျူဟာကနေတ ဝိုင်းရံပိတ်ဆို့ခံနေရတဲ့ဖာပွန်စစ်ဗျူဟာဆီ စစ်ကြောင်းဆက်ထိုးသွားမှာဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ကမမောင်းမြို့မှာစစ်အင်အားဖြည့်တင်းလာတဲ့ စစ်တပ်စစ်ကြောင်းထဲမှာ စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်တွေအများစုပါဝင်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်တပ်စစ်ကြောင်းဟာကမမောင်းမြို့အနီးဝါးဒူးရွာကနေတဆင့်ကတိုင်တိဗျူဟာစခန်းဆီစစ်ကူအကြိမ်ကြိမ်ပို့ဆောင်နေပေမယ့် KNU တပ်မဟာ (၅)တွေနဲ့ ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်ဝါးဒူးရွာကနေရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေတာပါ။
တိုက်ပွဲကြောင့်ဒေသခံတွေဟာကမမောင်းမြို့ပေါ်နဲ့ မြိုင်ကြီးငူဒေသဆီ ထွက်ပြေးတိမ်းရှောင်နေရတာတစ်နှစ်ခန့်ရှိပါပြီ။
ဖာပွန်မြို့အနီးမှာကျန်ရှိနေတဲ့စစ်ဗျုဟာဆီခဲယမ်းနဲ့ ရိက္ခာပို့ဆောင်ရာမှာ မြေပြင်မှာဖြတ်တောက်ပိတ်ဆို့ခံထားရတဲ့အတွက်စစ်တပ်ဟာခြေလျင် တပ်ကို မသုံးနိုင်ဘဲ လေကြောင်းကိုသာသုံးပြီး ထောက်ပို့နေရတာပါ။


















































