အီရန် စစ်ပွဲကို ရပ်စဲနိုင်ဖို့အတွက် တရုတ်ဆီက အကူအညီ မလိုဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဘေဂျင်းမြို့တော်ဆီ တရားဝင် အလည်အပတ်ခရီး မသွားရောက်ခင် မေလ ၁၂ ရက်နေ့မှာ ထရမ့်က အခုလို ပြောဆိုခဲ့တာပါ။ သူဟာ တရုတ်ခရီးစဉ်အတွင်း အိမ်ရှင်နိုင်ငံရဲ့ သမ္မတ ရှီကျင့်ဖျင်နဲ့ ကဏ္ဍအတော်များများအတွက် တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။
နိုင်ငံရေး အကဲခတ်တွေကတော့ ထရမ့်နဲ့ရှီ တွေ့ဆုံမှုမှာ အီရန်စစ်ပွဲ အရေးဟာ အဓိက အကျဆုံး အကြောင်းအရာတစ်ခု ဖြစ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။
အီရန်နဲ့ အမေရိကန်တို့ဟာ လောလောဆယ် အပစ်အခတ် ရပ်စဲထားပေမယ့် စစ်ပွဲကို အပြီးသတ်စေမယ့် ငြိမ်းချမ်းရေး သဘောတူညီမှုတော့ မရသေးပါဘူး။ နှစ်ဖက်ကြား အပြန်အလှန် အဆိုပြု တင်ပြတာတွေ ရှိနေပေမယ့်လည်း နောက်ဆုံး သဘောတူညီမှု ရလာဖို့ အလားအလာကတော့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။

Public Service Announcement
စစ်ပွဲဖြစ်ပွားပြီးတဲ့နောက် အီရန်က နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ တည်ရှိပြီး နိုင်ငံတကာ စွမ်းအင် တင်ပို့မှုအတွက် အချက်အခြာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ခဲ့ပါတယ်။ အဲဒီ လုပ်ရပ်က တရုတ် အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားမှာ စွမ်းအင်ဆိုင်ရာ အကျပ်အတည်း တစ်ခုကို ကြုံတွေ့လာစေပါတယ်။
ထရမ့်အနေနဲ့ ဘေဂျင်းခရီးစဉ်မှာ အီရန်စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ တရုတ်ဆီကနေ ကမ်းလှမ်း အကူအညီ ယူတာမျိုး ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး အကဲခတ် တချို့က သုံးသပ်ခဲ့ပေမယ့် ထရမ့်ကတော့ အဲဒီကိစ္စကို ငြင်းပယ်သွားပါတယ်။
အီရန်အရေးမှာ အမေရိကန်ဟာ ဘယ်သူ့ဆီကမှ ဘာအကူအညီမှ လိုအပ်မယ်လို့ သူမထင်ကြောင်း၊ အမေရိကန်ဟာ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေ၊ တခြား အနေအထား တစ်ခုခုနဲ့ဖြစ်စေ တစ်နည်းမဟုတ် တစ်နည်းနဲ့ အနိုင်ရမှာ သေချာကြောင်း ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အီရန်ဟာ ဟောမုဇ်ကို ထိန်းချုပ်ထားချိန် အတောအတွင်း အဲဒီရေလက်ကြားကို ဖြတ်သန်းတဲ့ နိုင်ငံတကာ ရေယာဉ်တွေဆီကနေ အခွန်အခ ကောက်ခံနိုင်ဖို့ပါ ကြိုးစားလာပါတယ်။ မေလ ၁၂ ရက်နေ့မှာတော့ အမေရိကန် အစိုးရက ကြေညာချက်တစ်ခု ထုတ်ပြန်ရာမှာ အရှေ့အလယ်ပိုင်း ဒေသတွင်း ရေကြောင်းသွားလာမှုအတွက် ရေလမ်းကြောင်း အသုံးပြုခ အခွန်ကောက်ခံတာမျိုးကို အမေရိကန်ရော၊ တရုတ်ပါ လက်မခံဘူးလို့ နှစ်ဖက် ဆွေးနွေး သဘောတူထားကြောင်း ဖော်ပြထားခဲ့ပါတယ်။
တရုတ်ဟာ အီရန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားသလို အီရန်ဆီက ရေနံတွေ အဓိက ဝယ်ယူတဲ့ နိုင်ငံလည်း ဖြစ်နေပါတယ်။
လက်ရှိ အချိန်ထိ အီရန်နဲ့ အမေရိကန်ကြား စစ်ရပ်စဲရေး ဆွေးနွေးမှုတွေဟာ တိုးတက်မှုတွေ ရှိမလာသေးဘဲ အခုသီတင်းပတ် အစောပိုင်းမှာတော့ ထရမ့်က အပစ်ရပ် သဘောတူညီမှုပါ ဆက်လက် တည်တံ့ဖို့ အတော်လေး အလားအလာ နည်းလာနေပြီဆိုတဲ့ သဘောမျိုး ခြိမ်းခြောက် ပြောဆိုသွားပါတယ်။
ကိုးကား: Reuters


















































