မေ – ၁၄ ၊၂၀၂၆
ပြည်ပရောက်မြန်မာအလုပ်သမားတွေကိုအတင်းအကျပ်ငွေပြန်လွှဲခိုင်းတဲ့ နည်းလမ်းဟာအာဏာသိမ်းမြန်မာစစ်တပ်အတွက်နိုင်ငံခြားငွေကြေး စုဆောင်းရရှိမှုပင်မအရင်းအမြစ်ဖြစ်လာတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတရားဝင်မထုတ်ပြန်တဲ့ စာရင်းတွေမှာတော့ ပြည်ပရောက် မြန်မာ အလုပ်သမားတွေ ပြည်တွင်းကို ငွေပြန်လွှဲရတဲ့ အခြေအနေကနေ စစ်တပ်ဟာ ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၅.၆ ဘီလီယံလောက် ရရှိခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။
ဒါဟာတစ်နှစ်တာအတွင်းမြန်မာနိုင်ငံရဲ့နိုင်ငံခြားဝင်ငွေရရှိမှု အားလုံးရဲ့ ၃၈ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။

Public Service Announcement
စစ်တပ်အာဏာသိမ်းပြီးနောက်တစ်နှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်တုန်းက ပြည်ပရောက်မြန်မာတွေပြည်တွင်းကိုငွေပြန်လွှဲမှုကြောင့် ပြည်တွင်းကို စီးဝင်တဲ့ ဒေါ်လာ ပမာဏဟာ သန်း ၆၇၀ သာ ရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာတော့စစ်တပ်ဟာ ပြည်ပရောက် မြန်မာ အလုပ်သမားတွေ အနေနဲ့ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားတဲ့ ဘဏ်လုပ်ငန်းတွေကနေတဆင့် ပြန်လွှဲပေးရမယ်လို့ အတင်းအကျပ် သတ်မှတ်ခဲ့ပါတယ်။
နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကြောင့်အကျပ်ရိုက်နေပြီးစစ်တပ်နဲ့ အချိတ်အဆက်ရှိနေတဲ့ဘဏ်တွေဟာအဲဒီလွှဲငွေတွေကနေတဆင့် နိုင်ငံခြားငွေကြေးကို ရရှိခဲ့ပါတယ်။
ဘဏ္ဍာရေးပိတ်ဆို့မှုတွေကြောင့်စစ်တပ်အာဏာပိုင်တွေအကျပ်အတည်း ကြုံနေချိန်မှာပြည်တွင်းပြန်လွှဲငွေပမာဏသိသိသာသာတိုးလာခြင်းဟာ အသက်ရှူပေါက်တစ်ခုဖြစ်လာကြောင်းဘဏ္ဍာရေးဆိုင်ရာအန္တရာယ်တွေ ဆန်းစစ်တဲ့ Verisk Maplecroft ကုမ္ပဏီရဲ့ အာရှရေးရာဌာန အကြီးအကဲ ဒေါက်တာ ခါဟိုယုက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာငွေကြေးဖောင်းပွမှုက၃၀ ရာခိုင်နှုန်းလောက်ထိများပြားနေဆဲ ဖြစ်သလို နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကလည်း ၂၀၂၅ မှာ ဒေါ်လာ ၈၃ သန်းလောက်သာကျန်တော့တဲ့ထိထိုးကျသွားကြောင်း Bloomberg သတင်းဌာနကရရှိခဲ့တဲ့အဲဒီအချက်အလက်တွေမှာညွှန်ပြနေပါတယ်။
၂၀၂၄ ခုနှစ်၊ မတ်လလောက်ထိ အခြေအနေအရ မြန်မာရဲ့နိုင်ငံခြားငွေ အပိုဆောင်းသိုလှောင်မှုဟာ ဒေါ်လာ ၈.၄ ဘီလီယံလောက် ရှိတယ်လို့ ဆိုပါတယ်။ အာဏာသိမ်း စစ်တပ်ဖက်ကတော့ Bloombergရဲ့ သတင်းနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။
အနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကြုံနေချိန်မှာအမေရိကန်ဒေါ်လာတွေရနိုင်သမျှရရှိရေးဟာစစ်တပ်အတွက်အရမ်းအရေးကြီးလာပါတယ်။
စစ်တပ်ဟာလောင်စာဆီ၊ဆေးဝါး၊စားနပ်ရိက္ခာနဲ့ တခြားမရှိမဖြစ် လိုအပ်တဲ့ သွင်းကုန်တွေကို ဒေါ်လာနဲ့ ပေးချေနေရတာ ဖြစ်ပါတယ်။ နောက်ပြီး စစ်လက်နက်နဲ့ ခဲယမ်းတွေ ဝယ်ယူဖို့လည်း နိုင်ငံခြားငွေ ပိုင်ဆိုင်မှု လိုအပ်နေပါတယ်။
ဒီအခြေအနေတွေမှာစစ်တပ်ဟာပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားတွေဆီက လုပ်အားခကို ခေါင်းပုံဖြတ်မယ့် အတင်းအကျပ် ငွေပြန်လွှဲမှု နည်းလမ်းကို ထွက်ပေါက်အဖြစ် အသုံးချခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ရွှေ့ပြောင်းလုပ်သားဦးရေဟာအရှေ့တောင်အာရှမှာ အချိုး အစား အများဆုံး စာရင်းထဲ ပါဝင်နေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်နဲ့ စစ်မှုမထမ်းမနေရ စနစ်ကို စတင် အသက်သွင်းပြီးချိန်တွေမှာတော့ ပြည်ပကို ထွက်ခွာတဲ့ မြန်မာနိုင်ငံသား ဦးရေဟာ ပိုမို တိုးပွားလာပြီး ထိုင်းနဲ့ မလေးရှားတို့လို နိုင်ငံတွေမှာ သန်းနဲ့ချီ ရောက်ရှိနေကြောင်းလည်း သိရပါတယ်။
ကိုးကား – Bloomberg
















































