မေ-၁၇၊၂၀၂၆။ကိုရှမ်းလေး/People’s Spring
ထိုင်းနိုင်ငံ၊ ဥထုံဌာနီခရိုင်က စစ်ဆေးရေးဂိတ်မှာ မောင်းနှင်ထွက်ပြေးတဲ့ မြန်မာလုပ်သား ၁၅ဦးခိုးတင်ဆောင်လာတဲ့ ကားဟာ အဝေးပြေးရဲတပ်ဖွဲ့ကားနဲ့ တိုက်မိပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)က မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာလုပ်သား ၁၅ဦးကို တရားမဝင်နည်းလမ်းနဲ့ တင်ဆောင်လာတဲ့ကားကို သတင်းပေးမှုအရ ပိတ်ဆို့တားဆီးရာ မောင်းထွက်ပြေးသွားလို့ ထိုင်းရဲတပ်ဖွဲ့က လိုက်လ့ဖမ်းဆီးရာ အဝေးပြေးလမ်းတနေရာမှာ အဝေးပြေးရဲတပ်ဖွဲ့လှည့်ကင်းကား ဝင်တိုက်မိတာလို့ ဆိုပါတယ်။
ကားပေါ်မှာ ထိုင်းနိုင်ငံသားယာဉ်မောင်းနဲ့ မြန်မာလုပ်သား ၁၅ဦး ပါရှိတယ်လို့ CIB က ထုတ်ပြန်ပါတယ်။

Public Service Announcement
မြန်မာလုပ်သား ၁၅ဦးဟာ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာကြတာဖြစ်ပြီး တစ်ဦးကို ဘတ် ၁၀,၀၀၀ ပေးဆောင်ရတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကို နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာတဲ့ မြန်မာတွေဒီရက်ပိုင်းဆက်တိုက်ဖမ်းဆီးခံနေရပြီး မြန်မာတွေ ရာနဲ့ချီဖမ်းဆီးခံနေရပါတယ်။
မေလ ၈ရက်က တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်ကနေ နယ်စပ်ဖြတ်ကျော်လက်မှတ်(Border Pass)တွေကိုင်ဆောင်ပြီး အိမ်ကားစီးကား ၁၀စီးနဲ့ဝင်ရောက်လာတဲ့ မြန်မာ ၁၄၅ ဦးကို နယ်ကျော်ဖြတ်ဝင်ရောက်လာမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
Border Passကိုင်ဆောင်သူတွေဟာ သတ်မှတ်ထားတဲ့ နယ်မြေအတွင်းသာ သွားလာခွင့်ရှိတာကြောင့် ၎င်းတို့ကို တရားမဝင်ဝင်ရောက်လာမှုနဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
ဒါအပြင်ထိုင်းနိုင်ငံ၊ ဖရုမ်ဖီယမ်မြို့နယ် ၊မေလဒုတိယပါတ်မှာအမြန်လမ်းပေါ်မှာ ကား ၁၀စီးနဲ့ တင်ဆောင်လာတဲ့ မြန်မာလုပ်သား ၁၀၀ ကျော်ဟာ အဝေးပြေးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုခံခဲ့ရပါတယ်။မြန်မာလုပ်သား ၁၁၀တင်ဆောင်လာတဲ့ ကားတွေဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုမခံယူဘဲ တောတွင်းတနေရာမောင်းပြေးရာ မလွတ်မြောက်ခဲ့ပဲ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ အဲဒီဖမ်းဆီးခံရတဲ့ မြန်မာတွေဟာလည်း မယ်ဆိုင်နယ်စပ်ကနေ ဝင်ရောက်လာကြတာလို့ ဆိုပါတယ်။
ဒါ့အပြင် မေလ ပထမပတ်ကလည်း ထိုင်းနိုင်ငံ၊ ရတ်ဘူရီခရိုင်ရဲ့ အဝေးပြေးလမ်းမမှာ အလုံပိတ်ကားအတွင်း တင်ဆောင်လာတဲ့ မြန်မာလုပ်သား ၂၆ဦးဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးဖမ်းဆီးမှုခံခဲ့ရပါတယ်။ပွဲစားတွေက မြန်မာလုပ်သား ၂၆ဦးကို ကားအတွင်းအလုံပိတ်ပြီး ပန်ကာတွေတပ်ဆင် ပိတ်လှောင်သယ်လာတာ ဖြစ်ပါတယ်။
အလားတူမေလ ၆ရက်မှာလည်း တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နယ်မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာ ၁၉ဦးဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုခံခဲ့ရပါတယ်။အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁၃ ဦးဟာ မဲဆောက်မြို့ကို ဝင်ရောက်လာစဉ်မှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုခံရတာ ဖြစ်ပါတယ်။
လက်တလော ထိုင်းနိုင်ငံမှာ အာဏာပိုင်တွေက နယ်စပ်ဝင်ပေါက်တွေကို ပိတ်ဆို့စစ်ဆေးနေလို့ မြန်မာတွေ အခုလိုဆက်တိုက်ဖမ်းဆီးခံနေရတာလို့ ထိုင်းရောက်မြန်မာလုပ်သားတွေအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
ပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစုဟာ အိမ်နီးခြင်းထိုင်းနိုင်ငံကို နယ်စပ်ပေါက်ကနေ သွားရောက်နေကြတာ ဖြစ်ပါတယ်။



















































