မေ-၁၇၊၂၀၂၆။မိုမို/People’s Spring
ကမ္ဘာကျော်အမှတ်တံဆိပ် H&Mအထည်တွေချုပ်နေတဲ့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်က Kings Rich Fashion အထည်ချုပ်စက်ရုံ ပိတ်သိမ်းတော့မယ်လို့ စုံစမ်းသိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာဗျူဟာစီမံကိန်းနဲ့ ပြင်ပစျေးကွက်ပြောင်းလဲမှု ဖြစ်စဥ်တွေကို စိစစ်သုံးသပ်ပြီး ထုတ်ကုန်ထုတ်လုပ်တာ ရပ်နားဖို့ ဆုံးဖြတ်လိုက်တာလို့ Kingsrich Fashion အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို အသိပေးစာမှာ ဖော်ပြပါတယ်။
“H&M အထည်တွေ မချုပ်ရတာ တစ်နှစ်ကျော်ရှိပြီး ။ကြားထဲ တခြားတံဆိပ်တွေ ချုပ်တယ်။အခုက သူတို့ကလုပ်သက်အလိုက် လျော်ကြေးပေးမယ်။ဒီလကုန်ရင်နားပြီ”လို့ Kingsrich Fashion စက်ရုံဝန်ထမ်းတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် Kingsrich Fashion စက်ရုံရဲ့တာဝန်ရှိသူက ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦးကို အကြောင်းမဲ့ အလုပ်ထုတ်ပယ်လို့ တရားစွဲဆိုထားတဲ့အမှုတွေရှိတယ်လို့ ရွှေပြည်သာမြို့နယ်အထည်ချုပ်အလုပ်သမား အဖွဲ့အစည်း တာဝန်ရှိသူက အသိပေးပါတယ်။
“Kingsrich fashion က အရင်ကတည်းက အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ တော်တော်လုပ်ခဲ့တာ။အမှုနှစ်ခုက လတ်တလောရှိတယ်။အခုက အော်ဒါမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ နားတာ။ဝန်ထမ်းတွေရဲ့အကျိုးခံစားခွင့်အပြည့်အဝ ရ၊မရလည်း ကျွန်မတို့ ဆက်စောင့်ကြည့်နေတယ်”လို့ သူက ပြောပါတယ်။
၂၀၁၆ က မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ KINGSRICH (MYANMAR) FASHION LIMITED အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံ Wuhan Kingsrich Fashion Group ရဲ့ လက်အောက်ခံအထည်ချုပ်စက်ရုံတစ်ခုဖြစ်ပါတယ်။
ဖက်ရှင်နဲ့ အဝတ်အထည်လုပ်ငန်းဖြစ်တဲ့ ဆွီဒင်အခြေစိုက်H&M လုပ်ငန်းကမြန်မာပြည်တွင်း လုပ်ငန်းခွင်တွေမှာအလုပ်သမားအခွင့်အရေးချိုဖောက်မှုတွေ နဲ့ လုပ်ငန်းခွင်အခက်အခဲတွေကြောင့် ထုတ်လုပ်မှုတွေ ရပ်နားမယ်လို့ ၂၀၂၃ သြဂုတ်မှာ ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း Inditex၊ Primark၊ Marks & Spencer စတဲ့ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တွေကလည်း ပြည်တွင်းမှာအထည်ချုပ်လုပ်ငန်းနဲ့ပတ်သက်ပြီး ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။
လက်ခစားစနစ်နဲ့ ပြည်ပကို အထည်တင်ပို့မှုကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ငါးဘီလီယံနီးပါး မြန်မာနိုင်ငံက ရရှိနေပါတယ်။မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းချိန်ကစပြီး အထည်ချုပ် လုပ်ငန်းတွေမှာ လုပ်သားတွေရဲ့ အခွင့်အရေးတွေ ဆုတ်ယုတ်လာတာကို အစဉ်တစိုက် စောင့်ကြည့် လေ့လာခဲ့ကြောင်း ဗြိတိန်အခြေစိုက် NGO အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ စီးပွားရေး လုပ်ငန်းနဲ့ လူ့အခွင့်အရေး ရင်းမြစ်စင်တာ (BHRRC)က ပြောပါတယ်။ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းကတော့ BHRRC ရဲ့ အစီရင်ခံစာ နဲ့ ပတ်သက်လို့ တိတိကျကျ မှတ်ချက်ပေး တုံ့ပြန်လာတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာအထည်ချုပ်စက်ရုံပေါင်း၅၀၀ကျော်ရှိပြီးတော့ H&M ကအထည်ချုပ်လုပ်ငန်း ၃၉ ခုဆီမှာ အထည်တွေ ချုပ်လုပ်ခဲ့တာလို့သိရပါတယ်။


















































