မေ-၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါ်ဒါရ်မြို့နဲ့ တီးတိန်မြို့နယ် လိုင်ထွီးရွာ လမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်လိုက်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟွားငိုးရမ်းက ထုတ်ပြန်လိုက်ပြီး လုံခြုံရေးအရ အခုလို ကန့်သတ်တာလို့ အသိပေးပါတယ်။
မေလ ၂၁ရက် ထုတ်ပြန်ချက်မှာ ဟွာလ်းငိုးရမ်းဒေသအတွင်း လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် လိုင်ထွီးရွာမှ ရိဒ်ခေါ်ဒါရ်မြို့အကြား လမ်းမကြီးအား မနက် ၆ နာရီကနေ ၁၀ နာရီအတွင်း နဲ့ ညနေ ၅ နာရီကနေ ၉ နာရီအတွင်းသာ ဖြတ်သန်းသွားလာခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။
လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေ ပြီးစီးမှသာ ပုံမှန်အတိုင်း လမ်းပြန်ဖွင့်မည်ဖြစ်ပြီး လမ်းပိတ်ချိန်အတွင်း လူ၊ကား၊ ဆိုင်ကယ်တွေအားလုံး အကျုံးဝင်ကြောင်း အသိပေးထားပြီး ထုတ်ပြန်ချက်ကို မလိုက်နာရင် ဖြစ်လာမယ့် ကိစ္စတွေအပေါ် တာဝန်မယူဟုလည်း သတိပေးထားပါတယ်။

Public Service Announcement
လုံခြုံရေးအရသတ်မှတ်ထားသော လမ်းပိတ်ချိန်/လမ်းဖွင့်ချိန်များအား အကြောင်းကြားမယ်လို့ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဧပြီလကုန်ပိုင်းမှာ ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် မြန်မာ-အိန္ဒိယ နယ်စပ်မြို့ဖြစ်တဲ့ ရိဒ်ခေါ်ဒါရ်မြို့ကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ရန် ပြင်ဆင်လျက်ရှိပါတယ်။
ရိဒ်ခေါ်ဒါရ် မြို့ကို CDF ဟွားငိုးရမ်း ပါဝင်တဲ့ ချင်းပြည်ကောင်စီတပ်ဖွဲ့တွေက ၂၀၂၃ နိုဝင်ဘာမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ ရိဒ်ခေါ်ဒါရ်မြို့ဟာ ချင်းပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့မြို့လည်းဖြစ်ပြီး လက်ရှိ ဖလမ်းကို ပြန်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီက တီးတိန်ကို စစ်အင်အားဖြည့်တာ၊ တွန်းဇံမြို့ကို ပြန်လည်သိမ်းပိုက်တာ လုပ်ဆောင်ခဲ့ပြီး ရိဒ်ခေါ်ဒါမြို့ကို ဆက်လက် သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်း စစ်ဆင်နေတဲ့ အခြေအနေဖြစ်ပါတယ်။
စစ်တပ်ဟာ ဖလမ်းကိုသိမ်းပြီးနောက် ဖလမ်းမြို့ကနေ ဟားခါးမြို့ကို စစ်အင်အားဖြည့်တင်းလို့ ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။


















































