မေ ၂၄၊ ၂၀၂၆။ မေရီ/People’s Spring
မန္တလေးမြို့မှာ အမျိုးသမီးတစ်ဦးက အွန်လိုင်းကတဆင့် လူငယ်တွေကို ချိန်းဆိုပြီး စစ်တပ်လက်အောက်ခံ ပျူစောထီးတွေထံ စစ်မှုထမ်းအဖြစ် ရောင်းစားနေကြောင်း Voice of Mandalay အဖွဲ့က ပြောပါတယ်။
မန္တလေးမြို့မှာ အမျိုးသမီးတစ်ဦးဟာ အွန်လိုင်းကနေလူငယ်အမျိုးသားတွေကို စကားတွေပြောဆိုပြီး အပြင်မှာတွေ့မယ်လို့ချိန်းကာ ပျူစောထီးအဖွဲ့ထံ ငွေကြေးယူပြီး ရောင်းစားနေတာဖြစ်ကြောင်း Voice of Mandalay အဖွဲ့က ပြောပါတယ်။Voice Of Mandalay ဟာ မန္တလေးဒေသတွင်းစစ်တပ်ရဲ့လှုပ်ရှားမှုတွေ ၊ပြည်သူတွေအပေါ်ဖိနှိပ်မှုတွေကို ဖော်ပြပေးနေတဲ့ ဖေစ်ဘွခ်စာမျက်နှာဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ တစ်လခန့်က မန္တလေးတက္ကသိုလ်အနီး၊ ၇၃ လမ်းနဲ့ ၇၄ လမ်းကြားက မုန့်ဆိုင်တန်းမှာ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးကို ချိန်းဆိုကာ ပျူစောထီးအဖွဲ့ထံ ရောင်းစားပြီး ကားနဲ့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Voice of Mandalay အဖွဲ့က ဆိုပါတယ်။

Public Service Announcement
“ဒီမိန်းမက ယောက်ျားလေးတွေကို မုန့်စားချင်တယ် တွေ့ဖို့ပြောပြီး ပျူတွေနဲ့ပေါင်းပြီး ရောင်းစားနေတာ ၅ ယောက်ထက်မနည်းတော့ဘူးတဲ့”လို့ Voice of Mandalay အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
Voice of Mandalay အဖွဲ့က ၎င်းအမျိုးသမီးရဲ့ ဓါတ်ပုံ ၂ပုံနဲ့တကွ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ဓါတ်ပုံတစ်ပုံမှာ ပျူစောထီးတွေဝတ်တဲ့ဘောင်ဘီရှည်ဝတ်ထားတာကိုလည်းတွေ့ရပါတယ်။၎င်းအမျိုးသမီးဟာ Telegram မှာ @yoonmaythaw774747 အကောင့်အမည်နဲ့ လှုပ်ရှားနေတယ်လို့ဆိုပါတယ်။
မန္တလေးမြို့မှာ ယခုလပိုင်းအတွင်း မြို့ထဲမှာတင် ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးရွားနေပြီး လူငယ်တွေ မကြာခဏ ဖမ်းဆီးခံနေရကြောင်း မြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုနောက်ပိုင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာပါ နေအိမ်ပေါ်တက် ပေါ်တာဆွဲတာတွေ ပိုမိုပြုလုပ်နေပြီး စစ်မှုထမ်း အပတ်စဥ် (၂၅)ကို စတင်ဖို့ ပြင်ဆင်နေပါတယ်။
















































