မေ ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုဖိတ်ခေါ်ဧည့်ခံခဲ့တဲ့အိန္ဒိ ယအစိုးရ လုပ်ရပ်နဲ့ မင်းအောင်လှိုင်ကို မြန်မာသမ္မတလို့ သုံးနှုန်းတာကိုလည်း ကန့်ကွက်ပယ်ချကြောင်း မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF)က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီကို ဖျက်ဆီးသူအား ဧည့်ခံကြိုဆိုပြီး နိုင်ငံတကာမှာ ဒီမိုကရေစီ ဘက်တော်သားအဖြစ် ဟန်ဆောင်၍မရနိုင် ကြောင်းလည်း SIF က ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ အပါအဝင် အဖွဲ့အစည်းပေါင်း ၂၀ နဲ့ စုဖွဲ့ထားတဲ့ SIFက မေလ ၃၁ရက်မှာ နိုင်ငံရေးသဘောထားထုတ်ပြန်ချက် ထုတ်ပြန်ပြီး မင်းအောင်လှိုင်ကို အသိအမှတ်ပြုတဲ့ အိန္ဒိယ အစိုးရရဲ့ လုပ်ရပ်တွေကို ကန့်ကွက်ထားတာပါ။

Public Service Announcement
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မေလ ၂၈ ရက်စွဲပါ သတင်းထုတ်ပြန်ချက်မှာ မင်းအောင်လှိုင်အား “မြန်မာနိုင်ငံတော်၏ သမ္မတ” ဟု သုံးနှုန်းဖော်ပြခဲ့ခြင်းအပေါ် မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF) အနေဖြင့် ပြတ်ပြတ်သားသား ကန့်ကွက်ပယ်ချတယ်လို့ ဖော်ပြထားပါတယ်။
ဒါဟာ သံတမန်ရေးရာကျင့်ထုံးလုပ်ထုံးတစ်ခု မဟုတ်ဘဲ မြန်မာနိုင်ငံရှိ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်သော အာဏာသိမ်းရန် ကြိုးပမ်းမှုကို တရားဝင်ဖြစ်စေဖို့ လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ မီးမောင်းထိုး ပြထားပါတယ်။
” သူသည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းမဟုတ်ပါ။ မင်းအောင်လှိုင်သည် သမ္မတမဟုတ်။ မင်းအောင်လှိုင်တွင် ပြည်သူက ပေးအပ်ထားသည့် မဲဆန္ဒရှင်လုပ်ပိုင်ခွင့် (Electoral Mandate) လုံးဝမရှိပါ” လို့ SIFက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံရဲ့ နောက်ဆုံးအကြိမ်မြောက် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်တဲ့ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဟာ အပြတ်အသက် အနိုင်ရရှိခဲ့ပြီး လွှတ်တော်ခေါ်ယူရန် သတ်မှတ်ထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖမ်းဆီးကာ အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
သမ္မတရာထူးအတုအယောင်ကို ဖန်တီးဖို့ စစ်ကောင်စီဟာ ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ဇန်နဝါရီ ၂၅ ရက်အထိ အဆင့် (၃) ဆင့်ပါ ရွေးကောက်ပွဲကို လုပ်ဆောင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲကာလအတွင်း စစ်ကောင်စီဟာ မြို့နယ်ပေါင်း ၈၉ မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၃ဝ၈ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၂၈၁ ဦး သေဆုံးခဲ့ရကြောင်း အသိပေးထားပါတယ်။
ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ Human Rights Watchi FIDHI ANFREL နဲ့ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၃ဝဝ ကျော်တို့က အဆိုပါရွေးကောက်ပွဲရလဒ်များကို တရား မဝင်ကြောင်း လူသိရှင်ကြား ပယ်ချခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
ဒါပေမဲ့ အိန္ဒိယနိုင်ငံအစိုးရဟာ စစ်တပ်ရဲ့ မတရားသော ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် အသုံးပြုခဲ့တဲ့ အီလက်ထရွန်နစ် မဲပေးစနစ် (EVM) နဲ့ ဇီဝအချက်အလက် (Biometric) စနစ်များကို ထောက်ပံ့ပေးခဲ့သလို ယခုအခါတွင်မူ အိန္ဒိယအစိုးရ သည် ထိုအစီအစဉ်ကို ဗိသုကာပြုသူအား နိုင်ငံတော်အကြီးအကဲအဖြစ် လက်ခံတွေ့ဆုံ နေပြီဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အိန္ဒိယ ပထမဆုံးအကြိမ် ခရီးစဉ်ဟာ တရုတ်နိုင်ငံနဲ့ လမ်းခွဲလိုတဲ့ ဆန္ဒကို ပြသနေတယ်ဆိုတဲ့ လူပြောများတဲ့ အယူအဆမှာလည်း မှားယွင်းကြောင်း SIFက အသိပေးထားပြီး စစ်ကောင်စီဟာ တရုတ်အစိုးရကြောင့်သာ အသက်ဆက်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေးအင်အားစု SIFဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ သပိတ်ကော်မတီများ နဲ့ အရပ်ဘက်အဖွဲ့အစည်းများ စုစုပေါင်း (၂၀) ဖွဲ့ဖြင့် ၂၀၂၂ က ဖွဲ့စည်းထားသော မဟာမိတ်အင်အားစုကြီး ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် ထူထောင်ရေး တိုက်ပွဲဝင်ရာမှာ ညီညွတ်စွာ ပူးပေါင်းထားတဲ့အင်အားစုတွေဖြစ်တယ်လို့ အသိပေးထားပါတယ်။
မြန်မာ-အိန္ဒိယ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း “
အကြမ်းဖက်စစ်ခေါင်းဆောင် အနေနဲ့ တွေ့တာလား၊ နိုင်ငံတော် သမ္မတ အနေနဲ့ လက်ခံတာလား တော့ မသိဘူး။ ဘယ်လိုပဲ တွေ့တွေ့ပါ ဒါက တရားမဝင်တဲ့ စစ်အာဏာရှင် အတုအယောင် အစိုးရ ကို အသိအမှတ်ပြုလိုက်တာပဲ။ဒီမိုကရေစီ နိုင်ငံကြီး မပီသဘူးလို့ပဲ မှတ်ချက်ပြုချင်တယ်” လို့ ပြောကြားထားပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းယူခဲ့ပြီးနောက် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အပါအဝင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လုပ်ဆောင်ခဲ့ရာ (၅) နှစ်ကျော်ရှိပြီဖြစ်ပါတယ်။
ဒီလို စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲ ဖန်တီးပြီး ဟန်ပြ အရပ်သားအစိုးရဖွဲ့စည်းကာ မင်းအောင်လှိုင်က သမ္မတ ရာယူရယူခဲ့တာဖြစ်လို့ စစ်အုပ်စုကို အသိအမှတ်မပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေက အိမ်နီးချင်း နိုင်ငံတွေ အပါအဝင် နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုထားပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘာသာရေးအဆောက်အဦတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထား လေကြောင်း၊ လက်နက်ကြီး တို့နဲ့ တိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်နေသလို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊အကြောင်းပြချက်မရှိ ဖမ်းဆီးတာ၊ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းတာတို့ တိုးမြှင့်လုပ်ဆောင်နေလို့ မြန်မာပြည်သူသန်းပေါင်းများစွာ နေရပ် စွန့်ခွာတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိတယ်လို့ လည်း တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုဟာမေလ ၃၀ရက်မှာအိန္ဒိယနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။

















































