ဇွန် -၆၊၂၀၂၆။ဖိုးသား/People’s Spring
တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်တဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ် ကုက္ကိုလ်စု ပျူစောထီးရွာက ထွက်ပြေးသွားတဲ့ ပျူစောထီးအဖွဲ့ဝင် ၇၀ကျော်ကို လက်နက်တွေနဲ့ ဖမ်းမိတယ်လို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့ ဇွန်လ ၆ရက်မှာ ထုတ်ပြန်ပါတယ်။
ကုက္ကိုစုကျေးရွာကနေ စစ်တပ် အခြေစိုက်ထားတဲ့ မြိုင်မြို့နယ်က တပ်မတော်အကြီးစားစက်ရုံ(ဒေသအခေါ် စက်မှု(၂)ဘက် ထွက်ပြေးတဲ့ ပျူစောထီးအဖွဲ့၀င် ၇၀ ကျော်ကို မနေ့က(ဇွန် ၅ ရက်)မှာ ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
ပျူစောထီးရာချီရှိပြီး အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့ အားအထားရဆုံး ကုက္ကိုစုပျူရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇွန်လ ၄ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီးတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ အညံ့မခံဘဲ လက်နက်အပြည့်အစုံနဲ့ စက်မှု(၂)ဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
ဒါကြောင့် အညာမြေတပ်ပေါင်းစုနဲ့ ဒေသတွင်း တပ်ဖွဲ့အသီးသီး ပူးပေါင်းပြီး တောနင်းရှာဖွေတာ၊ ကင်းထောက်မှုတွေကြောင့် မနေ့က ဇွန်လ ၅ရက် ည ၇ နာရီမှာ ပေါက်နယ်က တောတွင်းတနေရာမှာ အစုလိုက် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ကုက္ကိုလ်စုရွာ ပျူခေါင်းဆောင်နဲ့ စစ်ကောင်စီတပ်သား ၆ဦး လွတ်မြောက်နေဆဲ ဖြစ်တယ်လို့အညာမြေတပ်ပေါင်းစုတာ၀န်ရှိသူက ပြောပါတယ်။
လက်ရှိ ဖမ်းမိထားတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့၀င်တွေဟာ လက်နက်မချတာ၊အညံ့မခံတာနဲ့ ပြန်လည်ခုခံတာတွေကြောင့် ဂျနီဗာကွန်ဗန်းရှင်းဥပဒေတွေအရ စစ်သုံ့ပန်းစာရင်းဝင်တွေလို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာ ဖမ်းမိသူတွေကို ဘေးကင်းစွာစောင့်ရှောက်ထားတယ်လို့လည်း အသိပေးပါတယ်။
“လက်နက်ချတာရော။ဖမ်းမိမှုတွေပါ ဆိုရင် ၁၀၀ လောက်ရှိတယ်။လက်နက်ကလည်း မျိုးစုံရထားတယ်။စစ်ရေးအရတော့ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်”လို့ ပေါက်မြို့နယ်စစ်ရေး တာ၀န်ရှိသူက စစ်တပ်အခြေစိုက်စခန်းတွေ သိမ်းပိုက်ရရှိမှုနဲ့ပတ်သက်ပြီး ပြောပါတယ်။
ကုက္ကိုလ်စုရွာဟာ ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်မှာရှိပြီး ပေါက်မြို့အတွက် အရေးပါသော ဆက်သွယ်ရေးလမ်းပေါ်မှာ ရှိပါတယ်။
အခုဇွန်လ ၂ ရက်မှာ ပေါက်မြို့နယ်အရှေ့ခြမ်းက ရေပြာရဲစခန်းကို တော်လှန်ရေးတပ်တွေက ကနဦးသိမ်းပိုက်ခဲ့ပြီးနောက် (၂)မိုင်ခန့်အကွာက ကုက္ကိုလ်စုရွာကို ထပ်မံထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
မကွေးတိုင်းက မြို့နယ်တွေထဲမှာ ပေါက်မြို့နယ်ဟာ စစ်တပ်အမာခံ ကျေးရွာအများစုရှိပြီး ဇီးပြား၊ ဝန်ကျုံး၊ သစ်ချိုကုန်းနဲ့ ကုက္ကိုလ်စုရွာတွေဟာ ဒေသတွင်းပြည်သူ့စစ်(ပျူစောထီး)ရွာကြီးတွေအဖြစ် နာမည်ကြီးပါတယ်။
ပေါက်မြို့နယ်နဲ့ကပ်လျက်ရှိတဲ့ မြိုင်မြို့နယ်မှာလည်း စစ်တပ်အခြေစိုက်ထားတဲ့ သရက်ကန် ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်က မေလ ၂၃ ရက်က သိမ်းပိုက်ထားပါတယ်။





















































