ဇွန်-၈၊၂၀၂၆။မိုမို/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့အတွင်း ဝင်ရောက်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ပွဲအတွင်း သေဆုံးမှုများနေတာကြောင့် မူလစီစဉ်ထားတဲ့ မြို့အ၀င်ကြိုဆိုပွဲအခမ်းအနား ဖျက်သိမ်းလိုက်တယ်လို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရွှေကူမြို့အတွင်း စစ်တပ်၀င်ရောက်ရင် ဂုဏ်ပြုအလံတွေနဲ့ စစ်တပ်ထောက်ခံသူတွေက ကြိုဆိုပွဲ အခမ်းအနားကို မေလ ၂၅ ရက်မှာလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားတာ၊ စစ်တပ်ဘက သေဆုံးသူ ရုပ်အလောင်းတွေ မြို့ထဲရောက်လာတာကြောင့် အခမ်းအနားဖျက်သိမ်းခဲ့ရတာလို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက လူမှုကွန်ယက်ကတဆင့် ဒီကနေ့ ဇွန်လ ၈ရက်မှာ ဖော်ပြပါတယ်။
“ရွှေကူမြို့ထဲသို့ ပြီးခဲ့တဲ့ မေလ ၂၅ ရက်က အကြမ်းဖက်စစ်တပ်ဝင်ရောက်ရန် ဂုဏ်ပြုအလံများ စီစဥ်ထားခဲ့ပြီး စစ်တပ်အသိုင်းဝိုင်းများနှင့် ကြိုဆိုပွဲ အခမ်းအနားများပြုလုပ်ထားခဲ့ရာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် စစ်ကော်မရှင်ရဲ့ သေဆုံး ရုပ်အလောင်းမျာသာ ရွှေကူမြို့ထဲသို့ ကားဖြင့် မကြာခဏဝင်ရောက်နေပြီး အတိတ်နိမိတ် မကောင်းဟုဆိုကာ အခမ်းအနားအစီးအစဥ်များ ဖျက်သိမ်းခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သူ အသိုင်းအဝိုင်းမှ သိရသည်”လို့ သူရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ရွှေကူမြို့နယ်ကို စစ်ရေးအရ အသားစီးရယူဖို့ စစ်တပ်က ရွှေကူမြို့နယ်ရဲ့ အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ အမှတ်(၁၂၁)ခြေလျင်တပ်ရင်း (ခလရ-၁၂၁) အခြေစိုက် ငအိုးကျေးရွာမှာ အင်အားစုဖွဲ့ပြီး ရွှေကူမြို့အတွင်း ၀င်ရောက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
လက်တလောမှာ အဲဒီစစ်ကြောင်းဟာ ရွှေကူမြို့အတွင်း ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ မြို့ရဲ့အနောက်တောင်ဘက်ခြမ်းက ငအိုးရွာနဲ့ ရွှေကူမြို့ကြားမှာ ရပ်တန့်နေရာ အဲဒီနေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDFပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေရာ နေ့စဉ်တိုက်ပွဲ ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း ဇွန်လ ၆ ရက်က ရွှေကူ KPDF တာ၀န်ရှိသူက အသိပေးထားပါတယ်။
“ငအိုးနဲ့ ရွှေကူအကြား နေ့စဥ်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ခွေးသေဆုံးမှု နေ့စဥ်များပြားနေပြီး အလောင်းများကို ကျွင်းတကျွင်းထဲ ပေါင်းမြုပ်နေရတဲ့ အနေအထားပါ”လို့ သူက ပြောပါတယ်။
စစ်ရေးအရ အချက်အချာကျတဲ့ ရွှေကူမြို့အထွက်နဲ့ အဓိကလမ်းဆုံတွေ ပေါင်းစပ်ရာနေရာဖြစ်တဲ့ ငါးလမ်းဆုံနေရာမှာ တိုက်ပွဲတွေဖြစ်နေတာလို့ ဒေသတွင်း သတင်းရင်းမြစ်က အတည်ပြုထားပါတယ်။
တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ဒီကနေ့ (ဇွန်လ ၈ ရက်)ကပြီး ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးကို ရက်အကန့် အသတ်မရှိသွားလာခွင့်ပိတ်လိုက်တဲ့အပြင် ရွှေကူမြို့က ပြည်သူအားလုံး မြို့အတွင်းမှ ထွက်ခွာတိမ်းရှောင်ပေးဖို့ KIA တပ်မဟာ ၁၁ တပ်ရင်း(၁၂)က သတိပေးထုတ်ပြန်ထားပါတယ်။
စစ်တပ်က အင်အားထောင်ချီစုဖွဲ့ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေဆက်ပြင်းထန်နိုင်တယ်လို့လည်း တော်လှန်ရေးအဖွဲ့တွေက အသိပေးပါတယ်။စစ်တပ်က ရွှေကူမြို့ကတဆင့် ဗန်းမော်မြို့ကို စစ်ကူပို့ဖို့လုပ်ဆောင်နေတာလို့ သုံးသပ်မှုတွေရှိပါတယ်။
ရွှေကူမြို့ပေါ်နဲ့ အနီးဒေသတွေထိန်းချုပ်ထားနိုင်တဲ့ စစ်တပ်က ရွှေကူမြို့နယ်ကို စစ်အုပ်ချုပ်ရေးအရေးပေါ် အခြေအနေကြေညာထားပါတယ်။
ဇွန်လ ၄ ရက်က ရွှေကူမြို့နယ် စီတာကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ ရွှေကူနယ်မှာထိုးစစ်ဆင်နေသလို KIA သိမ်းထားတဲ့ ရှမ်းမြောက်က မဘိမ်းမြို့ကို ပြန်ထိန်းချုပ်ဖို့လည်း မိုးမိတ်မြို့ဘက်မှာ တပ်အင်အားတွေ စုစည်းစစ်ပြင်နေတယ်လို့ သိရပါတယ်။


















































