ဇွန်-၉၊ ၂၀၂၆။ တေဇ/People’s Spring
ပြည်သူတွေအပေါ် အကြမ်းဖက်မှူတွေ ကျူးလွန်နေတဲ့ စစ်တပ်အတွက် လက်နက်၊ စက်ပစ္စည်းနဲ့ လေယာဉ်ဆီရောင်းဝယ်ပေးနေတဲ့ စင်ကာပူအခြေစိုက်ကုမ္ပဏီတွေရဲ့ လုပ်ရပ်ကိုရပ်တန့်ပေးဖို့Justice For Myanmar(JFM)က တောင်းဆိုလိုက်ပါတယ်။
“မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အားပေးကူညီနေတဲ့ စင်ကာပူကုမ္ပဏီတွေကို ဖော်ထုတ်ခဲ့တာ လေးနှစ်နီးပါးရှိလာခဲ့ပေမယ့် ဒီလောက်များပြားတဲ့ စီးပွားရေးလုပ်ငန်းတွေက အရေးယူမခံရဘဲ ဆက်လက်လည်ပတ်နေတာကတော့ လက်ခံနိုင်စရာ မရှိပါဘူး။ အရေးယူမှုတွေ ပြုလုပ်ခဲ့တာကို ကြိုဆိုပေမယ့်စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် နေ့စဉ်နဲ့အမျှ အကြမ်းဖက်နိုင်ဖို့ လိုအပ်နေတဲ့ စစ်လက်နက်တွေ၊ စက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်နိုင်ဖို့ စင်ကာပူအနေနဲ့ အခုထက်ပိုမို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
ဒါကြောင့် စင်ကာပူအခြေစိုက်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ အရောင်းအဝယ်ပြုလုပ်တာတွေကို ရပ်တန့်ဖို့နဲ့ ဒီလိုပါဝင်ပတ်သက်နေတာက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုထားတဲ့ အာဆီယံ ဘုံသဘောတူညီမှု ငါးရပ်အပေါ် စင်ကာပူရဲ့ ကတိကဝတ်ကို ထိခိုက်စေတယ်လို့ မရတနာမောင်က ထောက်ပြထားပါတယ်။

Public Service Announcement
စင်ကာပူနိုင်ငံက ၂၀၂၇ မှာ အာဆီယံဥက္ကဌ ဖြစ်လာမှာကြောင့် နိုင်ငံတွင်းက ကုမ္ပဏီတွေအနေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာကြောင်း၊ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူတွေကို လေးစားလိုက်နာကြောင်း၊ မြန်မာစစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကူညီအားပေးခြင်း မရှိကြောင်း အာမခံနိုင်ဖို့အတွက် လိုအပ်တယ်လို့ ဆိုပါတယ်။
စင်ကာပူအနေနဲ့ ၎င်းတို့ရဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကိုလေးစားလိုက်နာပြီးစစ်အုပ်စုရဲ့စစ်လက်နက်တွေ၊စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေ ရရှိနိုင်မှုတွေကို ပိတ်ဆို့တားဆီးနိုင်ဖို့အတွက် ခိုင်မာလက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရမယ့် အချိန်ဖြစ်တယ်လို့ မရတနာမောင်က ဆက်ပြောပါတယ်။
မြန်မာစစ်တပ်ဆီကို စစ်လက်နက်တွေ ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးကုန်စည်တွေနဲ့ နည်းပညာတွေ ထောက်ပံ့ပေးနေတဲ့ စင်ကာပူ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီ ၃၃ ခုကို JFM က ၂၀၂၂မှာဖော်ထုတ်ခဲ့ပြီးလက်ရှိအချိန်မှာ ကုမ္ပဏီ ၂၀ က ပယ်ဖျက်ခံထားရပေမယ့် ၁၃ ခုကတော့ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်တယ်လို့ JFM က ထုတ်ပြန်ပါတယ်။
စင်ကာပူကုမ္ပဏီမှတ်ပုံတင်စာရင်းက ပယ်ဖျက်ခံခဲ့ရတဲ့ ကုမ္ပဏီတွေမှာ အစ္စရေးနိုင်ငံက Super Dvora Mk III ၊အမြန်တိုက်ခိုက်ရေးရေယာဉ်တွေနဲ့ Skylark မောင်းသူမဲ့လေယာဉ် (UAV) တွေအပါအဝင် လက်နက်ဝယ်ယူရေးမှာ ပါဝင်ပတ်သက်ခဲ့တဲ့ Star Sapphire Group ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခု၊ ဂျာမန်ကုမ္ပဏီ ND Satcom ရဲ့ရွေ့လျားဆက်သွယ်ရေးစနစ်များ(COTM) ကို စစ်တပ်ရဲ့ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးကို ရောင်းချထောက်ပံ့ပေးခဲ့တဲ့ A1 Group ကုမ္ပဏီများအုပ်စုရဲ့ လက်အောက်ခံ Bright Sky Group Pte. Ltd နဲ့ မြန်မာရေတပ်ရဲ့ ဖရီးဂိတ် စစ်ရေယာဉ် တည်ဆောက်ရေးစီမံကိန်းအတွက် စက်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ကြားခံပွဲစားအနေနဲ့ ဆောင်ရွက်ပေးခဲ့တဲ့ Atland Services Pte Ltd နဲ့ General Machinery Trading Pte. Ltd တို့ ပါဝင်တယ်လို့ JFM ကဖော်ပြထားပါတယ်။
လက်ရှိအချိန်အထိ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေထဲမှာစစ်တပ်ရဲ့လက်နက်ပွဲစား ကွန်ရက်တွေကိုတွေ့နေရတယ်လို့ဖော်ပြပါတယ်။
အဲဒီကုမ္ပဏီတွေကတော့ဘီလာရုစ်ကနေ စစ်တပ်အတွက် စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ကြားခံဝယ်ယူပေးနေတဲ့ ဒေါက်တာအောင်မိုးမြင့် ပိုင်ဆိုင်တဲ့ Dynasty Excellency Pte. Ltd၊ လေတပ်အတွက် Mi-2 နဲ့ Mi-17 ရဟတ်ယာဉ်အစိတ်အပိုင်းတွေ ၊ ကြည်းတပ်အတွက် BTR-3U သံချပ်ကာတပ်ဖွဲ့ဝင် သယ်ယူပို့ဆောင်ရေးယာဉ် တွေနဲ့ ရေတပ်အတွက် တွန်းကန်မောင်းနှင်စနစ်တွေနဲ့ သင်္ဘောပဲ့ပိုင်းတည်ဆောက်မှုဆိုင်ရာ အစိတ်အပိုင်းတွေ အပါအဝင် ရေယာဥ်အစိတ်အပိုင်းတွေကို ဝယ်ယူပေးနေတဲ့ အောင်လှိုင်ဦး ရဲ့ Myanmar Chemical & Machinery (MCM) Group ၊ မြန်မာစစ်တပ်အတွက် Thales Coast Watcher 100 ကမ်းရိုးတန်းစောင့်ကြည့်ရေးရေဒါစနစ်တွေ ဝယ်ယူပေးရာမှာ ပါဝင်ခဲ့တဲ့အပြင်လေတပ်အတွက် ATR နဲ့ Fokker လေယာဉ်တွေ ဝယ်ယူပေးခဲ့တဲ့ KT Group နဲ့ Ky-Tha Group တို့ပါဝင်တယ်လို့ဖော်ပြပါတယ်။KT Group နဲ့ Ky-Tha Group တို့ဟာ လက်နက်ပွဲစားခရိုနီဂျော်နသန်ကျော်သောင်းပိုင်ဆိုင်တာပါ။
ဒါ့အပြင် Air Mandalayရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း စိုင်းခမ်းပါ့ခ်ဖ ရှယ်ယာ ၄၅ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ Asia Trading Group Pte. Ltd ၊ စစ်အုပ်စုရဲ့မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) နဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ PEIA Pte. Ltd တို့လည်း မဖျက်သိမ်းရသေးတဲ့ ကုမ္ပဏီစာရင်းမှာပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် အစီရင်ခံစာမှာ ဖော်ထုတ်ထားတဲ့ ကုမ္ပဏီများနဲ့ လူပုဂ္ဂိုလ်များအပြင်အဲဒီနောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ အခြားအဖွဲ့အစည်းများရဲ့ အစီရင်ခံစာများမှာ ဖော်ထုတ်ထားတဲ့ ကုမ္ပဏီများနဲ့ လူပုဂ္ဂိုလ်များအပေါ် ချက်ချင်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဖို့ စင်ကာပူအစိုးရကို တောင်းဆိုထားပါတယ်။ဒါ့အပြင် စင်ကာပူနိုင်ငံအတွင်းရှိ မည်သည့်ကုမ္ပဏီ သို့မဟုတ် လူပုဂ္ဂိုလ်မျှ စစ်အုပ်စုရဲ့ အကြမ်းဖက်ထောက်ပံ့ရေးကွင်းဆက်အတွက် ပွဲစား သို့မဟုတ် ကြားခံအဖြစ် ဆောင်ရွက်နေခြင်း မရှိစေရေး အာမခံချက်ပေးဖို့လည်း JFM က တောင်းဆိုထားပါတယ်။


















































