ဇွန် ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ထဲမှာရှိတဲ့ ပစလို့ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားတွေ အနေနဲ့ အလင်းဝင်မှ အသက်ရှင်မယ့်အကြောင်း သတိပေးလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က သတိပေးထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ပေါ်တာဆွဲခံရတဲ့ လယ်သမား ကိုချစ်ကိုဦးက ပြည်သူဘက်ခိုလှုံ အလင်းဝင်လာပြီး တပ်တွင်း အတွေ့အကြုံတွေ ပြန်ပြောပြတဲ့ ရုပ်သံကို NUGက ဖော်ပြပြီး အခုလို သတိပေးခဲ့တာပါ။
“ကိုချစ်ကိုဦးကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီ အလင်းဝင်လို့ အသက်ရှင်ခဲ့ပါပြီ။ တခြားသော ပစတွေအနေနဲ့လည်း အလင်းဝင်မှ အသက်ရှင်မယ့်အကြောင်း သတိပေးလိုပါတယ်။” လို့ ဖော်ပြထားပါတယ်။

Public Service Announcement
အကြမ်းဖက်စစ်တပ်ဟာ စစ်သားလစာနဲ့ ကိုယ်ပိုင်လေယာဉ်ဝယ်စီးနိုင်၊ ဒေါ်လာဘီလျံချီကုမ္ပဏီတွေကိုသားသမီးတွေအတွက် တည်ထောင်ပေးနိုင်တဲ့ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲရေးအတွက် မတရားပေါ်တာဆွဲဖို့ စစ်မှုထမ်းဥပဒေကိုပြဌာန်းခဲ့တာ ၂နှစ်ပြည့်တော့မှာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်နှစ်နီးပါးအတွင်း တိုင်းပြည်အနှံ့က အပြစ်မဲ့လူငယ်လူရွယ်တွေရဲ့ ဘဝတွေဟာ များစွာထိခိုက်ပျက်စီးခဲ့ရဟု NUGက ဆိုပါတယ်။
တိုင်းပြည်ဘဏ္ဍာခိုးဖို့သာ အားသန်တဲ့စစ်တပ်ဟာ အရည်အချင်းတစက်မှမရှိတာကြောင့် ၁၀၂၇ စစ်ဆင်ရေးအပါအဝင် တော်လှန်ရေးကာလငါးနှစ်မှာ အဆမတန် အင်အားပြုန်းတီးခဲ့တာကြောင့် ဒါကို ပြန်ဖြည့်ဆည်းဖို့ အရေအတွက်ကို အဓိကယူပြီး ရသမျှပေါ်တာဆွဲခဲ့တာလို့ ဖော်ပြထားပါတယ်။
“အသက်မပြည့်သေးရင် မှတ်ပုံတင်ရိုက်ပြီး အသက်ပြည့်စေသလို၊ ဉာဏ်ရည်မမီသူ၊ ကျန်းမာရေးချို့တဲ့သူကအစ မချန် ပေါ်တာဆွဲခဲ့တာကိုလည်း တတိုင်းပြည်လုံးအသိပါပဲ။လက်ရှိမှာလည်း အဲ့ဒီပေါ်တာဆွဲပစအင်အားစုတွေကို အလုံးအရင်းနဲ့ ရှေ့တက်အသေခံခိုင်းပြီး စစ်ရေးအောင်ပွဲလို့ ဟန်လုပ်ဝံ့ကြွားနေပေမယ့် အလင်းဝင်ပစအရေအတွက်ဟာ နေ့စဉ်ရှိနေပါတယ်။ ပစသေဆုံးမှု အလောင်းကို ဖြစ်သလို ချန်ထားခဲ့မှုတွေဟာ လူမဆန်တဲ့ရက်စက်မှုတွေဖြစ်ပါတယ်” လို့ NUGက ထုတ်ပြန်ပါတယ်။
အလင်းဝင်လာတဲ့ ကိုချစ်ကိုဦးရဲ့ ပြောပြချက်အရ သူ့အနေနဲ့ လယ်ထဲမှာ အလုပ်လုပ်ပြီး ပြန်လာချိန် ခဏဆိုပြီး မြို့ပေါ် ခေါ်သွားပြီး စစ်သားလုပ်ဖို့ မဲကျတယ်လို့ ပြောကာ စစ်သားစုခံရတဲ့ အခြေအနေကို ရှင်းပြပါတယ်။
လူငယ်ရှိတဲ့ အိမ်တိုင်းက စစ်အုပ်စုကို တလ သုံးသောင်း ပေးခဲ့ပေမယ့် မဲနှိုက်တယ်ဆိုပြီး စစ်အုပ်စု အစီအစဉ်နဲ့ လူသစ်စုဆောင်းနေတာကိုလည်း ကိုချစ်ကိုဦးက ရှင်းပြပါတယ်။ သင်တန်းမှာ ရောက်လာသူတွေဟာ စစ်သားမလုပ်ချင်ကြသူများကြောင်း၊ နှိပ်စက်ရိုက်နှက်ခံရသူတွေလည်းရှိကြောင်း ပြောပါတယ်။
“တချို့ ကလေးတွေလည်းပါပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ပါပါတယ်။ ခေါ်တဲ့အထဲမှာ။ နောက်ပြီး တချို့တွေက ဉာဏ်ရည်မမီတဲ့သူတွေ၊ အရက်ကြောင်တာတို့ ၊ပထမ ဆေးသုံးစွဲပြီးကြောင်တဲ့သူတွေကျ တော့လည်းပဲ သူ့ဟာနဲ့သူကြောင်နေတဲ့အချိန်ကျ သူတို့ ပေးတဲ့ ပညာကို သိပ်ပြီးတော့ နားမလည်ကြဘူး။နားမလည်တဲ့ အခါကျတော့ သူတို့က ရိုက်ပါတယ် တအားကြီး” လို့ ကိုချစ်ကိုဦးက ပြောပြပါတယ်။
သင်တန်းကာလမှာ သင်တန်းသား ၄၀၀ခန့်ရှိပြိး ထွက်ပြေးသူ အယောက် ၂၀ခန့်ရှိကြောင်း၊ အချို့ ပြန်မိသူတွေကိုတော့ စစ်တပ်က ရိုက်နှက်တဲ့အပြင် သင်တန်းသားအားလုံးကိုလည်း ရိုက်နှက်ခိုင်းကြောင်း ရှင်းပြပပါတယ်။
အလင်းဝင်ဖို့ စိတ်ကူးက စတင်ပေါ်တာဆွဲခံရကတည်းက ဖြစ်ပြီး ရှေ့တန်းပို့ခံရချိန် အခွင့်သာတဲ့အခါမှာ အလင်းဝင်လာတာလို့ ကိုချစ်ကိုဦးက ပြောပါတယ်။
ရှေ့တန်းရောက်စဉ်မှာလည်း စစ်ကောင်စီတပ်အရာရှိက တပ်သားတွေကို မူးယစ်ဆေးရောင်းချတာတွေရှိတယ်လို့လည်း ပြောပြပါတယ်။ မူးယစ်ဆေးဝါး သုံးပြီး စစ်တပ်ထဲမှာ ပျော်မွေ့အောင်လုပ်ဆောင်ကာ လိုရာခိုင်းစေတဲ့ သဘောဖြစ်တယ်လို့ ကိုချစ်ကိုဦးက သုံးသပ်ပါတယ်။
“အားလုံးကိုတော့ ဒီနေရာကနေ ရုန်းထွက်နိုင်အောင် ကြိုးစားပါလို့။ သူတို့အတိုင်းမလုပ်ကြပါနဲ့ ။ ဆေးတွေကိုလည်း သူငယ်ချင်းတွေအားလုံး တက်နိုင်သလောက်ဖြတ်ပါ။ သူတို့ လက်အောက်က ရုန်းထွက်ပြီး အလင်းဝင်ပြီး ကိုယ့်မိသားစုဆီ ပြန်နိုင်အောင်ကြိုးစားကြပါ” လို့လည်း ကိုချစ်ကိုဦးက စစ်တပ်တွင်းကျန်နေသူတွေကို တိုက်တွန်းပါတယ်။


















































