ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။
New York Times သတင်းဌာနကတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တိုက်လေယာဉ်တွေသာ မကဘဲ NATO မစ်ရှင်တွေထဲက တခြား စစ်လေယာဉ်တွေ၊ စစ်သင်္ဘောတွေကိုပါ ဖြတ်တောက် လျှော့ချဖို့ စီစဉ်ထားကြောင်း ဥရောပရဲ့ လုံခြုံရေးဆိုင်ရာ အဆင့်မြင့် အရာရှိ နှစ်ဦးကို ကိုးကားပြီး ဖော်ပြသွားပါတယ်။
အမေရိကန်ဟာ NATOရဲ့ ဥရောပ မစ်ရှင်တွေအတွက် F-16နဲ့ F-15 တိုက်လေယာဉ် အစီး ၁၅၀ လောက် ဖြန့်ကျက်ထားရာကနေ ၁၀၀ သာ ဆက်လက် ထားရှိဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် ရေကြောင်း ထောက်လှမ်းရေး လေယာဉ် ၂၆ စီးကိုလည်း ၁၅ စီးသာ ချန်ထားဖို့ ထရမ့်က ရည်ရွယ်ထားပါတယ်။
နောက်ပြီး ဥရောပမှာ ဖြန့်ကျက်ထားတဲ့ ဝေဟင်ဆီဖြည့် လေယာဉ် ၈ စီးစလုံးကိုလည်း အမေရိကန်က ပြန်လည် သိမ်းယူသွားမယ်လို့ သတင်းရင်းမြစ်တွေက New York Timesကို ပြောကြားခဲ့ပါတယ်။

Public Service Announcement
အဲဒီ ဆုံးဖြတ်ချက်တွေအရ NATOရဲ့ ဥရောပ စစ်ဆင်ရေးတွေမှာ တာဝေးတိုက်ခိုက်နိုင်စွမ်းကို သိသိသာသာကြီး အားလျော့သွားစေမယ့် သဘောပါပဲ။
အမေရိကန်ဟာ ဥရောပ လုံခြုံရေးအတွက် ထားရှိတဲ့ ပဲ့ထိန်း ဒုံးကျည်တပ် ရေငုပ်သင်္ဘော တစ်စီးကိုလည်း နေရာပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီး လေယာဉ်တင် သင်္ဘောကြီးတစ်စီး၊ အခြံအရံ စစ်သင်္ဘောတွေနဲ့ အခြေစိုက် လေယာဉ်တွေကိုလည်း ဥရောပကနေ ရွှေ့ပြောင်းစေဖွယ် ရှိနေကြောင်း သိရပါတယ်။
New York Timesရဲ့ သတင်းအပေါ် NATOနဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ထရမ့်ဟာ ဥရောပ နိုင်ငံတွေ အနေနဲ့ လုံခြုံရေး အစီအမံတွေမှာ ကိုယ့်အားကိုယ်ကိုးပြီး အမေရိကန်အပေါ် မှီခိုမှုတွေ လျှော့ချသင့်ကြောင်း ဝေဖန်ထားသလို ဥရောပမှာ အခြေစိုက်ထားတဲ့ အမေရိကန် တပ်တွေနဲ့ စစ်လက်နက်တွေကို အတိုင်းအတာ တစ်ခုထိ ရုပ်သိမ်းမယ့်အကြောင်း ပြောထားပြီးသားပါ။
အမေရိကန် အစိုးရက ဥရောပရော၊ အာရှတိုက်က မဟာမိတ် နိုင်ငံတွေ အနေနဲ့ နှစ်စဉ် GDPရဲ့ ၃.၅ ရာခိုင်နှုန်းထိ ကာကွယ်ရေး စရိတ်အတွက် အသုံးပြုကြဖို့လည်း တိုက်တွန်း တောင်းဆိုထားပါတယ်။
ကိုးကား: Reuters, New York Times


















































