ဇွန်-၂၃၊၂၀၂၆။မိုမို/People’s Spring
မကွေးတိုင်း၊ ချောက်မြို့နယ်က စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ချောက် ပ.က.ဖ )က ဒီကနေ့ ဇွန်လ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက် ညနေ ၆ နာရီကျော်က ချောက်မြို့နယ်ရှိ စစ်တပ်ရဲ့ ကျောက်တဲလမ်းခွဲ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး နာရီ၀က်နီးပါးကြာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“မြို့ထဲ အဝင်ဂိတ်ပေါ့။ဂိတ်ဘေးမှာလည်း အင်အားက သပ်သပ်ရှိတယ်။ရေနံစောင့်တပ်တွေနဲ့ နီးတယ်။ဂိတ်ထဲမှာက ၁၀ ယောက်လောက် အထိုင်ချထားတယ်”လို့ တိုက်ခိုက်ခဲ့တဲ့စစ်ရေးဂိတ်အကြောင်းကို ချောက်ပကဖ တာ၀န်ရှိသူက ရှင်းပြပါတယ်။

Public Service Announcement
အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်က ၂ဦး သေဆုံးပြီး ၆ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။ ဒါပေမယ့် ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ချောက်မြို့နယ်မှာ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်တပ် လက်အောက်ခံတွေနဲ့ စစ်တပ် စစ်ကြောင်းတွေကို ဆက်လက်ကာကွယ်တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အခုဇွန် ၄ ရက်ကလည်း ပြည်သူကို မတရားဖမ်းဆီး၊ ငွေညှစ်၊ ပေါ်တာဆွဲနေတဲ့ ဂွေးပင်စခန်းမှူး လှမိုးအောင်နဲ့ နယ်ထိန်း တင်လင်းတို့ကို ချောက်မြို့နယ်လမ်းပိုင်းတနေရာမှာ စစ်ဆင်ရေးလုပ်တိုက်ခိုက်ခဲ့တယ်လို့ ချောက်ပကဖက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်တလော ချောက်မြို့နယ်အတွင်း နှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေပြီး စစ်တပ်ယာဉ်တန်းတွေ နဲ့ ပြည်သူ့စစ်စခန်းတွေကို ပြီးခဲ့တဲ့လပိုင်းတွေမှာ တော်လှန်ရေတပ်တွေက တိုက်ခိုက်ခဲ့တာရှိပါတယ်။
စစ်တပ်က ချောက်မြို့အနီး ရေနံချောင်းနဲ့ နတ်မောက်မြို့နယ်တွေမှာ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
ရုပ်သံ – ချောက် ပကဖ


















































