ဇွန် ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအုပ်စုအတွင်းက မွန်ပြည်သစ်ပါတီ(NMSP) တပ်ရဲ့ ကင်းစခန်းတခုကို စစ်တပ်ကစီးနင်းပြီး မွန်တပ် ရဲဘော်တွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ဇွန် ၂၂ရက်က မြို့ဟောင်းရွာမှာ ရှိနေတဲ့ NSMP ကင်းစခန်းကို ခမရ(၅၈၈)တပ်ရင်းက စီးနင်းပြီး မွန်ရဲဘော်တွေကို ဖမ်းဆီးကာ တပ်စခန်းမှာ စစ်တပ်က အထိုင်ချထားခဲ့တာလို့ဆိုပါတယ်။
NMSP ဟာ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်တာတွေမရှိပါဘူး။ ဒါပေမဲ့ NMSP တပ်က ခေါင်းဆောင်အချို့ဟာ စစ်ကောင်စီကို တိုက်ခိုက်ဖို့ NMSP-AD(မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေး) ဆိုပြီး ခွဲထွက်ကာ စစ်ကောင်စီကို တိုက်ခိုက်နေတာရှိပါတယ်။

Public Service Announcement
“သူတို့က မွန်ပြည်သစ်ကို ပြဿနာ လိုက်ရှာနေတာဖြစ်မယ်။ အဓိကက မွန်ပြည်သစ် ADက လှုပ်လာတော့ အဲဒီဟာကို မလုပ်လာအောင် ပေါ့။ အချိတ်အဆက်တော့ရှိမှာပေါ့ (မွန်ပြည်သစ်ပါတီ ADနဲ့ မွန်ပြည်သစ်ပါတီ)သူတို့(NMSP ADနဲ့ NMSP)က မပြောပြတာပဲရှိတာ ကျနော်ထင်တာလေ။ စစ်တပ်က ဒါကိုလည်း သိနေတယ် အဲဒါကို ပြဿနာရှာတာပေါ့ ကျနော်ထင်တာလေ “ ဟု ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း NMSP ထိန်းချုပ်ထားတဲ့ စစ်ရှောင်စခန်းနေရာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ရေးမြို့နယ်အတွင်း ရေးချောင်းဖျားဒေသမှာ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက ဆောက်လုပ်ပေးထားတဲ့ စစ်ရှောင်စခန်းနေရာကို စစ်ကောင်စီက ဇွန်လ ၁၈ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ အဆောက်အအုံပျက်စီးမှုတွေရှိခဲ့ပါတယ်။
အခု ရေးမြို့နယ်က ကင်းစခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းမှု အခြေအနေနဲ့ ဒေသတွင်း စစ်ရေး အခြေအနေတွေ မေးမြန်းဖို့ NMSP တာဝန်ရှိသူ အချို့ထံ ဆက်သွယ်ထားပေမယ့် အဆက်အသွယ်မရသေးပါဘူး။
လက်ရှိမှာ စစ်တပ်က ဖမ်းဆီးထားတဲ့ မွန်ရဲဘော်တွေကို ပြန်လွှတ်ပေးတယ်လို့ ကြားရပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
“ သူတို့က ဖမ်းခေါ်တာ မွန်ပြည်သစ်က ရဲဘော်တွေကို။ ဒါပေမဲ့ နောက်ဆုံးသတင်းရတာက ပြန်လွှတ်ပေးတယ်တဲ့ အဲဒီ စခန်းမှာပဲ ပြန်ပြီးတော့ ပေးနေတယ်တဲ့။ ဖမ်းလိုက်တာတော့ တကယ် အဲဒီလို ပုံစံခေါ်သွားတာ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။


















































