ဇူလိုင်-၁၊၂၀၂၅။ဇော်ရန်း/People’s Spring
ဗန်းမော်မြို့ကိုဗဟိုပြုပြီးယမန်နေ့ ညပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၅ အဆင့် ငလျင်လှုပ်သွားပြီး ဖားကန့်အပါအဝင်ကချင်ပြည်နယ်ကဒေသအများစုမှာ မြငလျင်လှုပ်ရှားတာကို သိရှိခံစားလိုက်ရပါတယ်။
ဇွန် ၃၀ ည ၁၁နာရီ ၄၂မိနစ်ခန့်မှာ ဗန်းမော်မြို့အနီး၊ မြေအောက်အနက် ၅ ကီလိုမီတာခန့်ကိုဗဟိုပြုပြီးလှုပ်သွားတာလို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ထားပါတယ်။
မြေအောက်အနက်၅ကီလိုမီတာ( ၃ မိုင်ကျော်)ကိုဗဟိုပြုလှုပ်ခတ်တာမို့ ဇောက်တိမ်ငလျင်ဖြစ်ပြီး ဇောက်တိမ်ငလျင်တွေက မြေမျက်နှာပြင်နဲ့နီးတာမို့ ဖျက်အားပိုပြင်းပါတယ် ။

Public Service Announcement
အဆိုပါငလျင်ကို ဖားကန့်၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်းမြို့တွေကနေလည်း သိသိသာသာခံစားလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ငလျင်သတင်းတွေ ထုတ်ပြန်ပေးနေတဲ့ ထိုင်းမိုးဇလဌာန(TMD)ကလည်း MoSLHAနဲ့ အလားတူသတင်းထုတ်ပြန်ထားပါတယ်။
“ကြမ်းကြမ်းတမ်းတမ်းလှုပ်သွားတာ။ အသံကြီးပါကြားလိုက်ရတာ။ ဖားကန့်တနယ်လုံး သိလိုက်ရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကချင်ပြည်နယ်မှာ ဖားကန့်အပါအဝင် မြို့နယ်အချို့မှာရေကြီးနေချိန် ငလျင်ပါလှုပ်လို့ ဒေသခံတွေစိုးရိမ်ခဲ့ကြပါတယ်။ ငလျင်ဗဟိုပြုတဲ့ ဗန်းမော်မြို့မှာလည်း ဧရာဝတီ မြစ်ရေမြင့်တက်လာသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီလည်း စစ်ရေးတင်းမာနေပါတယ်။
အာဏာသိမ်းစစ်တပ်က တရုတ်အစိုးရနဲ့ပေါင်းပြီး ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံမှာ
ရေအားလျှပ်စစ်စီမံကိန်းတွေ ပြန်စဖို့စီစဥ်နေပါတယ် ။ဘူမိပညာရှင်တွေက ကြီးမားတဲ့ရေကာတာကြီးတွေ ၊ဆည်တွေတည်ဆောက်ရင် မြေငလျင်ကြီးတွေလှုပ်နိုင်ခြေပိုမြင့်လာသလို ငလျင်ကြီးတွေလှုပ်ခတ်ရင် ပျက်စီး
ဆုံးရှုံးမှုများနိုင်တယ်လို့သတိပေးထားပါတယ် ။ ဒါကြောင့် ဒေသခံတွေအပါအဝင် နိုင်ငံတစ်ဝန်းက ပြည်သူတွေက ၂၀၁၁ ကတည်းကအခုချိန်ထိ မြစ်ဆုံးစီမံကိန်းဆောက်မှာကို မလိုလားပဲ ကန့်ကွက်နေကြတာဖြစ်ပညတယ် ။
ပြီးခဲ့တဲ့ ဇွန်လအတွင်း မြန်မာနိုင်ငံ အထက်ပိုင်း၊ အလယ်ပိုင်းနှင့်အောက်ပိုင်းဒေသတွေက မြို့နယ်အချို့မှာ ရစ်ခ်တာစကေး ၄ နဲ့ ၅ ကြား ငလျင်တွေမကြာခဏလှုပ်ခဲ့ပါတယ်။


















































