Connect with us

Hi, what are you looking for?

သတင်း

AA ကျန်းမာရေးဌာနက (၅)နှစ်အောက် ကလေးငယ် ၈သောင်းခန့်ကို ကာကွယ်ဆေးထိုးပေးမယ်

အာရက္ခတပ်တော်(AA)ရဲ့ ကျန်းမာရေးဌာနဟာ ရခိုင်ပြည်နယ်အတွင်းက (၅)နှစ်အောက် ကလေးငယ် ၈သောင်းဝန်းကျင်ကို ဝက်သက်ရောဂါကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးအချို့ ထိုးနှံပေးနေတယ်လို့ ဌာနတာ ဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

(၂၀၂၆ မတ်လက မောင်တောမြို့နယ်အတွင်း AA က ကာကွယ်ဆေးထိုးပေးနေစဉ် ဓာတ်ပုံ − GEM)

ဇူလိုင် ၆၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA)ရဲ့ ကျန်းမာရေးဌာနဟာ ရခိုင်ပြည်နယ်အတွင်းက (၅)နှစ်အောက် ကလေးငယ် ၈သောင်းဝန်းကျင်ကို ဝက်သက်ရောဂါကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးအချို့ ထိုးနှံပေးနေတယ်လို့ ဌာနတာ ဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေအားလုံးမှာ ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေတာဖြစ်ပြီး လက်ရှိမှာတော့ ဝက် သက်ရောဂါဖြစ်ပွား၊ သေဆုံးနှုန်းမြင့်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီအသွားအလာရှိနေတဲ့ ပေါက်တောမြို့နယ်တို့မှာ ကနဦးထိုးနှံပေးနေတယ်လို့ ဆိုပါတယ်။

“ကလေးတွေထိုးရမယ့် ကာကွယ်ဆေးအစုံတော့ မရသေးဘူး။ လောလောဆယ် ရှိသလောက်၊ ရသလောက် ကာ ကွယ်ဆေးတွေ ထိုးပေးနေတယ်။ ဝက်သက်ကာကွယ်ဆေးကတော့ ဦးစားပေးပေ့ါ။ စုစုပေါင်း ကလေးရှစ်သောင်း လောက်ရှိတယ်။ အဲဒါ အားလုံးကို ထိုးပေးမှာပါ” လို့ ကျန်းမာရေးဌာန ဝန်ထမ်းတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကလေးငယ်တွေကို ပြင်းထန်အဆုပ်ရောင်ရောဂါ၊ ပိုလီယိုရောဂါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်၊ အသားဝါ၊ ဦးနှောက်အမြှေးပါးရောင်ရောဂါ၊ တီဘီရောဂါ စတဲ့ကာကွယ်ဆေးတွေ ထိုးပေးနေပြီး ကိုယ်ဝန်ဆောင်တွေကိုတော့ မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးတို့ ထိုးပေးနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းက (၅)နှစ်အောက် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ မထိုးမဖြစ်ထိုး ကြရမယ့် ကာကွယ်ဆေးတွေကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပုံမှန်မထိုးခဲ့ကြရဘဲ နှစ်ဖက် တိုက်ပွဲတွေဖြစ်နေချိန် ၂၀၂၃ နဲ့ ၂၀၂၄တွေမှာတော့ လုံး၀မထိုးခဲ့ကြရပါဘူး။

ဒါပေမယ့် AA က မြို့တွေသိမ်းပိုက်၊ ထိန်းချုပ်ပြီးချိန် ၂၀၂၅ မှာတော့ AA ကျန်းမာရေးဌာနဟာ ကလေးနဲ့ ကိုယ် ဝန်ဆောင်တွေအတွက် ကာကွယ်ဆေးတွေ ရဖို့ ကြိုးစားခဲ့ပြီး စတင်ထိုးနှံပေးခဲ့ပါတယ်။

“ရွာအလိုက် ကာကွယ်ဆေးထိုးရတာရှိတယ်။ ဒါပေမယ့် တသုတ်နဲ့ တသုတ်နည်းနည်းကြာတယ်။ အရင်က လောက်တော့ ပုံမှန်မပြတ်မထိုးရသေးဘူး။ ဒါပေမယ့် မထိုးရတာနဲ့စာရင်တော့ အခုလိုထိုးပေးနေတာ ကျေးဇူးတင် ရမှာပါ” လို့ မင်းပြားမြို့နယ်မှ အသက် တနှစ်ခွဲအရွယ်ကလေးငယ်မိခင်တဦးက ပြောပါတယ်။

(၅)နှစ်အောက်ကလေးငယ်တွေဟာ ကာကွယ်ဆေးတွေ ပြည့်မီအောင်ထိုးဖို့လိုအပ်ပြီး ကာကွယ်ဆေးမထိုးခဲ့ရရင် ကုသလို့မရနိုင်တဲ့ ရောဂါတွေဖြစ်လာနိုင်တာကြောင့် ကလေးငယ်တွေအတွက် ကာကွယ်ဆေးဟာ အရေးကြီးတယ် လို့ အထွေထွေရောဂါအထူးကုဆရာဝန်တဦးက ပြောပါတယ်။

“ကာကွယ်ဆေးတွေဆိုတာက သတ်မှတ်ထားတဲ့အရွယ်အလိုက် ထိုးရတာ။ အဲဒီအချိန်မှာ ထိုးမှပဲ ထိုးရောက်မှုရှိ တယ်” လို့ သူက ဆိုပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်း ပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေအပြင် ကျန်းမာရေး၊ ပညာရေး၊ စည်ပင်သာယာရေးစတဲ့ ဝန်ဆောင် မှုလုပ်ငန်းတွေကိုပါ တိုးချဲ့လုပ်ကိုင်လာနေတာဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်နဲ့ ဆေးဝါး၊ ပစ္စည်းကိရိယာတွေ လိုအပ်ချက်ရှိနေသေးပြီးရှိတဲ့ အရင်းအမြစ်နဲ့ လည်ပတ်နေရတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက ပြောထားကြပါတယ်။ ကျန်း မာရေး ဝန်ထမ်းအင်အားဖြည့်တင်းဖို့အတွက် သူနာပြု၊ သားဖွားသင်တန်းဖွင့်လှစ်ထားပြီး ဆေးသိပ္ပံကျောင်းဖွင့်လှစ်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ