ဇူလိုင် ၆၊ ၂၀၂၆။ကိုဒီး/People’s Spring
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ရဲတပ်ရင်းကိုပါ စစ်ကူပို့နေတယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
နေ့ ဇူလိုင် ၆ရက်မှာ လေးကေ့ကော်မြို့သစ်နားက ရဲကုန်းအနီးမှာ တိုက်ပွဲဖြစ်နေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲအတွင်းစစ်တပ်က အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)နဲ့ ရဲတပ်ရင်းကိုပါ စစ်ကူခေါ်ယူ အင်အားဖြည့်တင်းနေတယ်လို့ စုံစမ်းသိရပါတယ်။ဘယ်ရဲတပ်ရင်းကိုစစ်ကူခေါ်သုံးတယ်ဆိုတာကိုတော့စုံစမ်းနေဆဲဖြစ်ပြီး မသိရသေးပါဘူး။

Public Service Announcement
ဇူလိုင် ၅ရက်တိုက်ပွဲအတွင်းမှာစစ်တပ်က ၂ ဦးသေပြီး ၄ ဦး ဒဏ်ရာရတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
” ဒီနေ့က မင်းလက်ပံဘက်မှာမဖြစ်ဘူး။ သူတို့က လေးကေ့ကော်ဘက်ကိုတိုးလာတာ။ လှည့်ပြီးတိုးနေတာပေါ့။ ရမလားလို့”လို့အထက်ပါစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာတိုက်ပွဲတွေကို စစ်ကူတိုက်ပေးဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ရဲ့ ဗိုလ်ဘိအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မုတ်သုန်အဖွဲ့တွေကိုခေါ်ယူပြီး တော်လှန်ရေးတပ်တွေကို ထိုးစစ်ဆင်နေတာဖြစ်ရတယ်။
ဗိုလ်ဘိအဖွဲ့က အင်အား ၁၀၀ လောက်နဲ့ ဗိုလ်မုတ်သုန်အဖွဲ့က အင်အား ၂၀၀ လောက် ခေါ်ယူပြီး စစ်တပ်နဲ့ အင်အားစုစုပေါင်း ၁၀၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇူလိုင် ၆ ရက် မနက်ပိုင်းမှာ စစ်တပ်ရဲ့ Y-12 အမျိုးအစား လေယာဉ်နဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကို ဗုံးအလုံး ၃၀ ကျော်ကြဲချခဲ့တယ်လို့ ဒေသခံတွေကို ကိုးကားပြီး Thai Enquirerက ရေးသားထားခဲ့ပါတယ်။
ဗုံးတွေကျရောက်တဲ့ နေရာဟာ ထိုင်းနိုင်ငံ၊
တက်ခ်ပြည်နယ်ရဲ့ ဖော့ဖရားခရိုင်နယ်စပ်နဲ့ ၃ ကီလိုမီတာ( ၁ ဒသမ ၈ မိုင်ကျော်)လောက်သာ ကွာဝေးတယ်လို့လည်း ဖော်ပြထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်
မတော် (KNLA)ပူးပေါင်းတပ်ရဲ့ ထိုးစစ်ဆင်လာမှုကြောင့် အခြေစိုက် စခန်းတစ်ခု မကျရအောင်ခုခံနေတဲ့ အာဏာသိမ်း စစ်တပ်က Y-12 နဲ့ ဗုံးကြဲစေခဲ့တာလို့ ထိုင်းသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်နားက တိုက်ပွဲတွေဟာ မဲဆောက်ရဲ့ တစ်ဖက်ခြမ်း၊ မြဝတီမြို့နယ်ထဲက မင်းလက်ပံ ကျေးရွာတဝိုက်မှာလည်း ဆက်လက် ဖြစ်ပွားနေဆဲလို့ သိရပါတယ်။
KNLAရဲ့ ဖိအားပေး တိုက်ခိုက်မှုတွေကို စစ်တပ်က အပြင်းအထန် ခုခံနေရပြီး နှစ်ဖက်စလုံးမှာ ထိခိုက်ကျဆုံးမှုတွေ ရှိနေကြောင်း Thai Enquirer သတင်းက ဖော်ပြပါတယ်။
မြန်မာဖက်က တိုက်ပွဲတွေကနေ လမ်းချော်လာတဲ့ ကျည်ဆန်တွေ၊ မော်တာကျည်တွေက ထိုင်းနယ်စပ်ဖက်ကို ကျရောက်ခဲ့တာကြောင့်လည်း ထိုင်းနယ်စပ် ကျေးရွာတွေက ဒေသခံတွေကြား စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အရင်ကလည်း မြန်မာဖက်ကနေ လမ်းချော်လာတဲ့ ကျည်တွေကြောင့် ထိုင်းရဲ့ ဘန်ဟွေမဟာဝမ် တဝိုက်မှာ နေအိမ်တွေ ထိခိုက်ပျက်စီးတာမျိုး ကြုံတွေ့ခဲ့ဖူးပါတယ်။
စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေဖြတ်တောက်တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ပဲဖြစ်နေပါတယ်။
ဒါ့အပြင် စစ်တပ်က အခုနောက်ပိုင်း စစ်မှူထမ်းသင်တန်းဆင်း စစ်သားသစ်တွေအပြင်
ရဲကွန်မန်ဒိုတပ်ရင်းဆိုပြီး ရဲတွေကိုပါ ရှေ့တန်းပို့စစ်တိုက်ခိုင်းနေပါတယ် ။ဇူလိုင် ၂ ရက်ကလည်း မန္တလေးတိုင်း ၊မလှိုင် မြို့နယ်မှာ ကား ၄ စီးနဲ့ အင်အား ၁၁၀ ကျော်ပါတဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းကို PDF နဲ့ ပကဖတွေက တိုက်ခိုက်ရာ ၇ ဦးသေ ၊၁၀ ဦးလက်နက်ချပြီး အများအပြားဒဏ်ရာရပြီး စစ်ကြောင်းနောက်ပြန်ဆုတ်သွားပါတယ်။

















































