ဇူလိုင် ၆၊ ၂၀၂၆။ဟာနာဆန်/People’s Spring
လူငယ်တွေ ညဥ့်နက်သန်းခေါင် အပြင်မထွက်ကြဖို့နဲ့ ပေါ်တာဆွဲဖမ်းဆီးခံရပါက ငွေညှစ်ခံရနိုင်ကြောင်း စစ်ကောင်စီတပ်သား ၁ဦးက လူမှုကွန်ရက်ကနေ သတိပေးလိုက်ပါတယ်။
လတ်တလောမှာ ညဘက်အပြင်ထွက်သူတွေ ဖမ်းဆီးခံရတာတွေရှိနေပြီး ပေါ်တာဆွဲဖမ်းဆီးခံရပါက ငွေကြေးနဲ့ လိုက်ရွေးရတဲ့ အခြေအနေတွေ ရှိနေတာကြောင့် မိမိတို့ သားသမီးတွေကို ညဥ့်နက်သန်းခေါင် အပြင်မထွက်ကြဖို့ နေလင်းဦးဆိုတဲ့ စစ်ကောင်စီတပ်သားတစ်ဦးက သူ့ရဲ့ လင်းဂိုထက်ဆိုတဲ့ Tiktok အကောင့်ကနေ ဗွီဒီယိုဖိုင်နဲ့ သတိပေးခဲ့တာပါ။
၎င်းက မိဘတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေ ပေါ်တာအဆွဲမခံရစေဖို့အတွက် အထူးသတိပြုကြဖို့တိုက်တွန်းထားပြီး၊ ညဘက် အပျော်အပါးမမက်ဘဲ၊အပြင်သို့ သန်းခေါင်ကျော် ညဥ့်နက်တဲ့အထိ သွားလာတာမျိုးမလုပ်ဘဲ အိမ်ကိုစောစောပြန်ကြဖို့ ပြောဆိုထားတာပါ။

Public Service Announcement
“အဆွဲမခံရအောင်ပေါ့နော်။ ဆွဲတာပြုတာ မခံရအောင်ပေါ့နော်။ ညည ကိုယ့်ရဲ့သားသမီးတွေကို အပြင်တွေ ထွက်တာတွေ၊ အပြင်တွေသွားတာတွေ၊ သန်းခေါင်ကျော်နေတာတွေ၊ ညဥ့်နက်အောင်နေတာတွေ မလုပ်အောင်ပေါ့နော်၊ ကိုယ့်ရဲ့သားသမီးတွေကို သတိပေးပါ။ အပျော်အပါးတွေ မမက်ကြပါနဲ့။ ညညဆိုရင် စောစောပြန်။ ညဥ့်နက်အောင် သန်းခေါင်ကျော်အောင် မနေပါနဲ့”လို့ စစ်ကောင်စီတပ်သား နေလင်းဦးက ဗီဒီယိုမှာ ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးတာ ခံရပါက ငွေကြေးအမြောက်အမြားနဲ့ပြန်လည်ရွေးခိုင်းတာတွေရှိလာနိုင်ကြောင်း ၎င်းက သတိပေးပါတယ်။
“အဲလိုဆွဲသွားပြီဆိုရင် ဘယ်လောက်နဲ့လာရွေးပါဆိုတာတွေ ရှိလာနိုင်တယ်”လို့ ၎င်းက ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စစ်တပ်ကို ခုတုံးလုပ်ပြီး စစ်မှုထမ်းကြေးတွေ ကောက်ခံနေတာဖြစ်ကြောင်း မကြာခဏ ပြောဆိုလေ့ရှိပါတယ်။ ၎င်းဟာ ဘယ်တပ်ရင်းကဆိုတာတော့ မသိရသေးပါဘူး။
လက်ရှိမှာ စစ်တပ်နဲ့ လက်အောက်ခံ ပျူစောထီးတွေက လူငယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာတွေ ဒေသအသီးသီးမှာ ပြုလုပ်နေပြီး ပြန်လည်လွတ်မြောက်ဖို့ဆိုရင် ကျပ်သိန်းရာဂဏန်းအထိ ငွေညှစ်နေတာတွေ ရှိနေကြောင်း သိရပါတယ်။ စစ်တပ်ဟာ ယခုဇူလိုင်မှာ စစ်မှုထမ်း အပတ်စဉ် (၂၆) ကိုစတင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

















































