“ရေကာတာကျိုးပေါက်ရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုအားလုံးမျက်မြင်ပါပဲ”
− KHRW ဒါရိုက်တာ မဆိုင်းမိုင်
ဇူလိုင်-၆၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်မြစ်ဆုံဆည်စီမံကိန်း အတင်းလုပ်ပြီး ဆည်ကျိုးပေါက်မှု ဖြစ်ပါက လက်ရှိ တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆည်ကျိုးပေါက်မှုဖြစ်ရပ်ထက် ပိုဆိုးတာတွေ ကြုံရမှာ လို့ ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်က LiuLan အမည်ရှိ ဆည်ကျိုးပေါက်မှုကြောင့် မြို့ရွာတွေ ရေနစ်မြှုပ်ဘေးကြုံနေရတဲ့ ရုပ်သံတွေ ဒီကနေ့ လူမှုကွန်ရက်မှာ ဖော်ပြပြီး မြစ်ဆုံဆည်လုပ်ရင် ဒီထက်ဆိုးဝါးတာတွေကြုံရနိုင်တဲ့ အခြေအနေကို သတင်းစကား ပြောကြားတာဖြစ်ပါတယ်။
မြစ်ဆုံဆည်ကို တရုတ်အစိုးရနဲ့ စစ်ကောင်စီတို့က ပြန်လည်စတင်ဖို့ ကြိုးပမ်းလာတဲ့ လှုပ်ရှားပြောဆိုမှုတွေ ဆက်တိုက်လုပ်လာကာ သဘာ၀ဘေး စိုးရိမ်စရာ မလိုဟု ပြောဆိုစည်းရုံးနေတဲ့ အခြေအနေမှာ တရုတ်နိုင်ငံ တောင်ပိုင်းမှာ ဆည်ကျိုးပေါက်မှု ကြုံနေရတာဖြစ်ပါတယ်။

Public Service Announcement
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးမြစ်ကြီးနားမြို့နယ် ဒေသခံတဦးက“ကျမတောင်အဲဒါကြည့်ပြီးမှ ကြောက်နေတာ။အလွန်ကြောက်စရာကောင်းနေတာနော်။ အဲဒါ တရုတ်ပြည်တောင်ပိုင်းက ဆည်ကျိုးတာက ဒါနည်းနည်းလေးပဲ ပါးပါးလေးပဲ။ဒီမြစ်ဆုံဆိုတာကမြစ်ကြီးနှစ်သွယ်ဆုံတဲ့နေရာလည်းဟုတ်တယ်။ဒီထက်ပိုပြီးမှ ပိုဆိုးနိုင်တာပေါ့။ သူတို့က ရွာကို ရာချီ လူတွေလည်းထောင်ချီလို့ ပြောနေတယ်ဒီမှာဆို ထောင်ချီမကဘူး သောင်းချီပြီးမှ အကုန်လုံးမြုပ်သွားနိုင်တယ်။ စဉ်းစားလို့တောင်မှ စိတ်က တမျိုးဖြစ်တာ ကြောက်နေရတယ်” လို့ ပြောပါတယ်။
စစ်အုပ်စုက မြစ်ဆုံကို ခိုင်ခံ့အောင် နည်းစနစ်ကျကျ ငလျင်ဒဏ်ခံနိုင်အောင်လုပ်မယ်ဆိုပြီး ပြောဆို စည်းရုံးနေပေမဲ့ ဘာအာမခံချက်မှ မရှိဟုသူကဆက်ပြောပါတယ်။
“အခုလည်း တရုတ်ပြည်က ဆည်ကျိုးတာက သဘာ၀ဘေးဒဏ်ကြောင့်ဟုတ်တယ်။မိုးတွေအရမ်းရွာလို့တဲ့ ။ ဒီမှာ ရေကြီးမှုရေလျှံမှု ဖြစ်တာနဲ့ မြစ်ကြီးနားလည်း မနှစ်တုန်းကလည်း မြုပ်တယ်။ ၂၀၂၄မှာလည်း မြစ်ကြီးနောင် မြှုပ်တယ် ဗန်းမော်တို့ မိုးကောင်းမိုးညှင်းတို့ အကုန်လုံးမြုပ်တာပဲ။အဲဒါဆည်တောင်မလုပ်ရသေးဘူးရေကြီးရေလျှံမှုပဲဖြစ်နေတာ တကယ်ဆိုအဲဒီမြစ်ဆုံဆိုတာလုပ်လိုက် တရုတ်ပြည်က ဆည်ကျိုးတာက ပါးပါးလေးပဲ ဖြစ်သွားနိုင်တယ် ဒီထက်ပိုပြီးမှ ဆိုးသွားနိုင်တယ်လို့ ပြောချင်တယ်”လို့ ဒေသခံကပြောပါတယ်။
အကယ်၍ မြစ်ဆုံဆည်လုပ်လို့ ဆည်ကျိုးပေါက်ခဲ့ရင် ကယ်ဆယ်ချိန် ရှောင်ခိုင်းချိန်ရှိမှာ မဟုတ်ဘဲ မြစ်ကြီးနားအပါအဝင်အားလုံး ပျက်စီးမှုတွေ ဆိုးရွားစွာ ကြုံကြရမှာလို့ ပြောါပတယ်။
အခု မြစ်ဆုံဆည်လုပ်ဖို့ စည်းရုံးရေးလုပ်နေသူတွေ အနေနဲ့ လက်ရှိ တရုတ်တောင်ပိုင်း ဆည်ကျိုးမှုကို သင်ခန်းစာယူကြဖို့လည်း ဒေသခံက တိုက်တွန်းပါတယ်။
“စဉ်းစားဉာဏ်ရှိရင်တော့ အခုချက်ချင်းတောင် ဖျက်သိမ်းရမှာ သူတို့ လုပ်ချင်တဲ့ စိတ်တွေ ဖျက်သိမ်းရမှာ” လို့ မြစ်ကြီးနားဒေသခံက ပြောပါတယ်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ဒါရိုက်တာ မဆိုင်းမိုင်ကလည်း “ရေကာတာကျိုးပေါက်ရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုအားလုံးမျက်မြင်ပါပဲ။ ကျမတို့ဆီ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ်တွေ၊ ဥပဒေတွေ၊ သဘာဝဘေး
အန္တရာယ်ကြိုတင်ကာကွယ်မှု လုပ်ဆောင်မှုမရှိတဲ့အခြေအနေအပြင် ကောင်းကျိုးထက် ဆိုးကျိုးများနေတဲ့ ဒီမြစ်ဆုံစီမံကိန်းကို လုံးဝဆက်မလုပ်နဲ့၊ ရပ်လိုက်ဖို့ပဲ ထပ်မံပြောချင်ပါတယ်” လို့ ပြောပါတယ်။
စစ်ပဋိပက္ခမငြိမ်းသေးတဲ့အနေအထားမှာ မြစ်ဆုံစီမံကိန်းကို အတင်းအဓမ္မဆက်လုပ်မယ်ဆိုတော့ ပိုပြီးစိုးရိမ်ရတယ်လို့လည်း မဆိုင်းမိုင်က ပြောပါတယ်။“ပြည်သူတွေမျှော်လင့်နေတဲ့ငြိမ်းချမ်းရေးကလည်း ပိုလို့တောင် ဝေးစေမယ်” လို့ မဆိုင်းမိုင်က သတိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ခန့် ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ဆုံဆည်ကို ပြန်လုပ်တော့မှာ ဖြစ်ပြီး ၈နှစ်ကျော်နဲ့အပြီးတည်ဆောက်မယ်လို့ မကြာသေးမီက ကချင်ပြည်နယ်မှာလိုက်လံပြောဆိုစည်းရုံးပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ ခရီးစဉ်လိုက်ပါသွားတဲ့ ဦးခက်ထိန်နန်က မြစ်ဆုံလုပ်ရင် သဘာ၀ဘေးစိတ်ပူစရာမလိုဘူးလို့ ဒေသခံတွေကို ပြောဆိုစည်းရုံးထားတာပါ။ စစ်အုပ်စုကလည်း မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ မြစ်ဆုံဆည်ဆက်လုပ်ဖို့ ဆွေးနွေးခဲ့ကြောင်း ပြောကြားထားပါတယ်။
“လူ့အခွင့်အရေးရှုထောင့်ကပြောရမယ်ဆိုရင် အတင်းအဓမ္မဆန္ဒသဘေားထားခံယူနေတဲ့အပြင် တဖက်မှာ စီမံကိန်းအလိုမရှိကြောင်းကို ဖော်ထုတ်ခွင့်မပေးထားတဲ့အပြင် အရေးယူမယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေ၊ နောက်ယောင်ခံစောင့်ကြည့်မှုတွေက ပေါ်ပေါ်တင်တင်ချိုးဖောက်နေကြတာပဲ။ ဆက်လုပ်ဖို့ အတင်းအဓမ္မပြောင်းရွှေ့စေခိုင်းမှု၊ ဖမ်းဆီးမှု၊ သွားလာမှုကို ကန့်သတ်ခြင်း စတဲ့လုပ်ရပ်တွေ ပိုပိုလုပ်လာတဲ့ ချိုးဖောက်မှုပိုများလာမှာ စိုးရိမ်နေရပါတယ်။”လို့ KHRW ဒါရိုက်တာ မဆိုင်းမိုင်ကဆက်ပြောပါတယ်။

















































