Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ဂွကို ဗုံးထပ်ကြဲလို့ ကလေးငယ်အပါအ၀င် ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

တိုက်ပွဲတွေမရှိတော့တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

(စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်ထိခိုက်မှုတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - APM)

ဇူလိုင်-၁၀၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring

တိုက်ပွဲတွေမရှိတော့တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီနေ့ ဇွန်လ ၁၀ ရက် မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ ဂွမြို့နယ် ဓနိအုပ်စု၊ ကုလားချောင်းရွာထဲကို ဂျက်ဖိုက်တာ တစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

“ဒဏ်ရာရတဲ့ နှစ်ယောက်လည်း စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိသေးလို့ ပြောတယ်။ ဂွကို အငြှိုးကြီးကြီးနဲ့ ပစ်နေတာ ဒီကောင်တွေ။ နေဗီ(ရေတပ်)ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေသေးတယ်။ လက်နက်ကြီးက နေ့တိုင်းပစ်ပါတယ်”လို့ ဂွဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေဟာ အသက် ၃ နှစ်အရွယ် ဖိုးသားလေး၊ အသက် ၅၃ နှစ်အရွယ် ဦးညွန့်မောင်နဲ့ အသက်၅၇ နှစ်အရွယ် ဒေါ်မမလေးတို့ဖြစ်ပြီး ဒဏ်ရာရသွားသူနှစ်ဦးရဲ့ နာမည်တွေကိုတော့ မသိရသေးပါဘူး။

ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်နဲ့အစပ် ဧရာ၀တီတိုင်းစစ်မျက်နှာမှာ အထိနာနေတဲ့ စစ်တပ်ဟာ အခု ရက်ပိုင်းအတွင်း ဂွမြို့နယ်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ‌ဆက်တိုက်ပြုလုပ်နေတာပါ။

သဘာ၀ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်ကို အခုလို ဗုံးကြဲတိုက်ခိုက်တာဟာ အလွန်အောက်တန်းကျတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ဂွဒေသခံ နောက်တစ်ဦးက ပြောပါတယ်။

“လူတွေမနေရဲအောင်ကို လုပ်နေတာ ဒီကောင်တွေ၊ ရေဘေးကြောင့် ဒီလောက်ဒုက္ခရောက်နေကြတာမှာ တော်တော်ယုတ်မာတယ်လို့ ပြောရမယ်”လို့ သူက ဆိုပါတယ်။

စစ်တပ်ဟာ ဇူလိုင် ၈ ရက်ကလည်း ဂွပင်လယ်ပြင်အတွင်း ရပ်နားထားတဲ့ စစ်ရေယာဉ်တွေကနေ လက်နက်ကြီးအလုံး ၃၀ ကျော် လှမ်းပစ်ခဲ့တာကြောင့် ဂွမြို့နယ် ကျိန္တလီမြို့ အမှတ်(၃)ရပ်ကွက် လူနေအိမ်တွေ ပေါ်ကျရောက်ပေါက်ကွဲကာ ၆ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၆၊ ၂၃၊ ၂၀ နဲ့ ၁၅ ရက်တွေကလည်း ဂွမြို့နယ် ကျိန္တလီမြို့၊ ရေကျော်ရွာ၊ ကံ့ကော်တောင်ရွာ၊ ရမ္မာကျွန်း ရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးကာ ၂၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာ လေကြောင်းဗုံးကြဲနေသလို သူတို့လက်လွှတ်ထားရတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး၊ ဧရာ၀တီတိုင်းနဲ့ အစပ် မြို့နယ်တွေဖြစ်တဲ့ ဂွ၊ သံတွဲမြို့နယ်တို့အတွင်း ပင်လယ်ပြင်မှာ စစ်ရေယာဉ် ငါးစီးထက်မနည်း အချိန်ပြည့် နေရာယူထားပြီး ပင်လယ်ကမ်းစပ်ကျေးရွာတွေကို အဓိကပစ်မှတ်ထားကာ လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ စစ်တွေအပါအဝင် ရှေ့တန်းစစ်မျက်နှာတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲတွေအတွင်း အထိနာတိုင်း အရပ်သားတွေကို အခုလိုဗုံးကြဲလေ့ရှိပြီး ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာ ရောက်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။

ရခိုင်မှာ အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေအရင်ကထက် ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့လည်း AA က အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက်ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော်(AA)ရဲ့ မြေပြင်ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရချိန် ရှေ့တန်းတပ်ရင်းတွေနဲ့ တပ်စခန်းတွေကို အာဏာသိမ်းစစ်တပ်က အင်အားရာချီထပ်ဖြည့်နေသလို ဒေသခံရိုဟင်ဂျာတွေ ဖမ်းဆီးပြီး စစ်သင်တန်းပေးနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊ပလက်၀မြို့နယ် စိမ့်ညှင်း၀ရွာကို အာဏာသိမ်းစစ်တပ်ကဒီကနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။