ဇူလိုင်-၁၆၊၂၀၂၆။ဇော်ရမ်း/People’s Spring
တောင်ငူမြို့အခြေစိုက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ထဲမှာ ဒုအရာခံဗိုလ်တဦးက သူ့ရဲ့ဇနီးအပါအဝင် မိသားစုဝင် ၄ ဦးကို သေနတ်နဲ့ ပစ်သတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်သွားပါတယ်။
တပခထဲက ဝန်ထမ်းအိမ်ယာမှာ ဇူလိုင်လ ၁၂ရက်က ဖြစ်ခဲ့ပြီး အဲ့ဒီဒုအရာခံဗိုလ်က ဇနီး၊ ယောက္ခမ၊ ယောက်ဖနဲ့အသက် ၁၀နှစ်အောက် ကလေးငယ်တစ်ဦးကို သေနတ်နဲ့ ပစ်သတ်တာလို့ ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။ ပြီးတော့ သူ့ကိုယ်သူကနားထင်ကို တေ့ပစ်ပြီး အဆုံးစီရင်တာလို့ ၎င်းက ပြောပါတယ်။
“အပြင်ကိုလုံးဝပေးမသိခဲ့ဘူး။ သတင်းထွက်ရင် အရေးယူမယ်ဆိုပြီးအမိန့်ရှိနေတာ။ စစ်တပ်ထဲမှာတင်နေ့ချင်း သင်္ဂြိုဟ်ပစ်တာ” လို့ အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
သေဆုံးသူငါးဦးစလုံးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်ရဲ့ အမိန့်နဲ့ ကန့်သတ်ထားလို့ အသေးစိတ်မသိရဘူးလို့၎င်းက ပြောပါတယ်။
” ဆေးကြောင်ပြီး လုပ်တယ်လို့ပဲ တော်တော်များများသိတာ။ဒါပေမယ့် အဲ့ဒီထက် အများကြီး ရှုပ်တယ်။ သေနတ်နဲ့ပစ်တဲ့ဒုအရာခံဗိုလ်ကစိတ်ကျနေတာလို့လည်းပြောကြတယ်”လို့ တောင်ငူမြို့ခံတဦးကပြောပါတယ်။
ဒါ့အပြင်အဆိုပါ ဒုအရာခံဗိုလ်ဟာ ၂၀၂၄ ဇွန်လ ၁၉ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော်ကို ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့မှာ ပါဝင်သူလို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော် လိုက်ပါလာတဲ့ Surf အမျိုးအစားမှန်လုံကားကို အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်လက်အောက်ခံပျူစောထီးတွေပူးပေါင်းတပ်က ငါးဇွန်မြို့နယ် မြို့သာရွာနဲ့ ပန်းချီကမ္မရွာကြားမှာ ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး ဆရာတော် ပျံလွန်တော်မူခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ စစ်သား ၁၄ဦးထဲမှာ အခုသူ့ကိုယ်သူ့ကိုအဆုံးစီရင်ခဲ့တဲ့ ဒုအရာခံဗိုလ်ပါဝင်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
“တောင်ငူမှာလည်း အဲဒီအကြောင်းပဲပြောနေကြတာ။ဆရာတော်ကြီးကို သတ်တဲ့အထဲသူပါတာမို့ စိတ်ဂယောင်ခြောက်ခြားဖြစ်နေတာကြာပြီတဲ့။အခုကငါလောင်းပြိုင်ကြီးဖြစ်တယ်ဆိုတော့ သာမာန်အမှုမဟုတ်ဘူး။ အရမ်းကို ဆိုးရွားလွန်းတယ်”လို့ တောင်ငူမြို့ခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာတောင်ငူမြို့နယ်နဲ့ဆက်စပ်နေတဲ့ အုတ်တွင်း၊ ရေနီ၊ထန်းတပင်မြို့နယ်တွေမှာ လည်းနေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး တပခလက်အောက်ခံတပ်ရင်းတွေလည်း အထိနာနေတယ်လို့သတင်းရရှိပါတယ်။ တပခလက်အောက်မှာ အမှတ်(၆၆) ခြေမြန်တပ်မ နဲ့ အမှတ်(၇၇) ခြေမြန်တပ်မတို့လည်း ရှိပါတယ်။
တပ်မ(၆၆)ဟာအာရက္ခတပ်တော်(AA)နဲ့ တိုက်ခိုက်နေရတဲ့ဧရာဝတီတိုင်းဘက်မှာ ရောက်ရှိနေပြီး အထိနာနေပါတယ်။တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့စစ်ကိုင်းတိုင်းမှာ တာဝန်ကျခဲ့တဲ့ တပ်မ(၇၇)ကလည်း အထိနာခဲ့ပြီး တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကျောင်းသားတပ်မတော်(ABSDF)နဲ့PDF ပူးပေါင်းတပ်တွေရဲ့ ၂၀၂၅ ဧပြီလ၇ရက်နေ့က အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးခံထားရပါတယ်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာ အခုအမှုဖြစ်ပွားနေချိန် တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်က စစ်ဌာနချုပ် တိုင်းမှူးဖလားဘောလုံးပြိုင်ပွဲ ကျင်းပနေပါတယ်။

















































