ဇူလိုင် ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က ဖက်ဒရယ်ယူနစ် လွှတ်တော်အစိုးရတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇူလိုင် ၁၇ရက်ကနေ ၂၃ရက် ၈ရက်တာအတွင်း အဖွဲ့အစည်း ၁၁ ဖွဲ့ထက်မနည်းကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီလိုတွေ့ဆုံရာမှာ တစ်ဖွဲ့ချင်းစီ တွေ့ဆုံခဲ့သလို လူမျိုးအလိုက် အဖွဲ့အစည်းတွေကို စုစည်းတွေ့ဆုံခဲ့တာလည်း SCEF ရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။
ဇူလိုင် ၂၃ရက်က အာရက္ခတပ်တော်(ULA/AA)၊ ဇူလိုင် ၂၂ရက်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ ဇူလိုင် ၂၁ရက်မှာ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP-AD ၊မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ(MSCC)၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH) တို့ကို SCEFက တွေ့ဆုံခဲ့တာပါ။

Public Service Announcement
ဇူလိုင် ၂၀ရက်မှာတော့ နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တပ် ၁၉ဖွဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)နဲ့ တွေ့ဆုံခဲ့သလို ဇူလိုင် ၁၇ရက်မှာ စစ်ကိုင်း ဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေး ဒေသတို့က အစိုးရ ၊ လွှတ်တော် တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
တွေ့ဆုံရာမှာ နိုင်ငံရေးအခင်းအကျင်းတွေ၊ ရှေ့နိုင်ငံရေး အစီအစဉ်တွေကို အဓိက ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ထားပါတယ်။ AAနဲ့ တွေ့ဆုံရာမှာတော့ အရက္ခဒေသမှာကြုံနေရတဲ့ ရေဘေးသင့် ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့၊ ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေ ကိုပါ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
SCEFနဲ့ တွေ့ဆုံမှုမှာ ပါဝင်တဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ရဲ့ အတွင်းရေးမှူး(၁) ခွန်ဦးက တော့ ပူးပေါင်းမှုတွေ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။
“ဒါပထမဦးဆုံးအကြိမ်ပါပဲဒီခေါင်းစဉ်နဲ့ တွေ့တာ။ အဓိကတော့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုမြှင့်တင်နိုင်မလဲ ဆိုတာ ကနဦးတွေ့တဲ့ ပွဲပါပဲ။ နောက်နောင်တွေမှာလည်း ထပ်တွေ့ဖို့ရှိကောင်း ရှိပါလိမ့်မယ်” လို့ ခွန်ဦးက ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံရာမှာ SCEF အလှည့်ကျ သဘာပတိ ခူဦးရယ်၊ SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့ ပါဝင်ခဲ့သလို တိုင်းရင်းသားအဖွဲ့အစည်းတွေဘက်ကလည်း သက်ဆိုင်ရာ အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ တော်လှန်ရေးအဖွဲတွေနဲ့ အခုနှစ်မတ်လမှာ စတင်စုဖွဲခဲ့တာဖြစ်ပါတယ်။ SCEF ကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် စတဲ့ မဏ္ဍိုင်သုံးရပ်ပါဝင်ဖွဲ့စည်းထားပြီး စုဖွဲ့မှုပိုအားကောင်းအောင် လုပ်ဆောင်မယ်လို အသိပေးထားပါတယ်။


















































