တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်း နူးလ်နဲ့ ဆက်စပ်တဲ့ သည်းသည်းထန်ထန် မိုးရွာသွန်းမှုတွေကြောင့် ကန်ဆုပြည်နယ်၊ ဝိုင်ယွမ်ခရိုင်၊ တင်ရှီးမြို့က ရှုမျှော်ခင်းကြည့် နေရာမှာ ဇူလိုင် ၂၆ ရက်နေ့က ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ခဲ့တာပါ။
အဲဒီနေရာဟာ သာယာလှပတဲ့ သဘာဝ ပတ်ဝန်းကျင် ရှုမျှော်ခင်းတွေကြောင့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်တွေကြား လူသိများပါတယ်။ ဇူလိုင် ၂၇ ရက် ညပိုင်းထိ အခြေအနေ အရတော့ ရေကြီးလို့ သေဆုံးသူ အရေအတွက်ဟာ ၁၀ ဦးထိ မြင့်တက်လာပြီး ဒဏ်ရာရသူ ၂၃ ဦး ရှိခဲ့တယ်လို့ အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အချိန်တိုလေးလောက်ပဲ သည်းသည်းမည်းမည်း ရွာချသွားတဲ့ မိုးကြောင့် တောင်ကျရေတွေ ရုတ်တရက် စီးကျလာပြီး ရှောင်ရှီမန် ရှုမျှော်ခင်းကြည့် ဧရိယာကို ရေလွှမ်းသွားစေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကန်ဆုပြည်နယ် တောင်ပိုင်း၊ ကုန်းမြင့်တွေကြားမှာ ဆောက်လုပ်ထားတဲ့ ရှောင်ရှီမန် ဧရိယာဟာ ဘေဂျင်းမြို့တော် အနောက်တောင်ဖက် ကီလိုမီတာ ၁၂၀၀ လောက် အကွာမှာ တည်ရှိပါတယ်။

Public Service Announcement
အဲဒီနေရာ တဝိုက်မှာ သဘာဝ ကျောက်စက်မုခ်ဦးတွေ၊ ကျယ်ဝန်းတဲ့ တောင်ကြားလွင်ပြင် မြက်ခင်းတွေ၊ ကြည်လင်တဲ့ တောင်ကျစမ်းရေတွေ ရှိနေပြီး အထူးသဖြင့် နွေရာသီမှာ အပျော်တမ်း လာရောက် စခန်းချ အပန်းဖြေသူတွေနဲ့ စည်ကားနေတတ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တိုင်ဖွန်းမုန်တိုင်း နူးလ်ရဲ့ ကုန်းတွင်းဝင်ရောက်မှုကြောင့် တရုတ်နိုင်ငံရဲ့ ဒေသ အတော်များများမှာ ရေကြီးမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ကန်ဆု ပြည်နယ်ဟာလည်း မုန်တိုင်းရဲ့ အရှိန်ကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ သက်ရောက် ခံစားရတဲ့ နေရာတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။
ကိုးကား: AFP

















































