Connect with us

Hi, what are you looking for?

သတင်း

KNU ကို တိုက်ခိုက်ဖို့ အမိန့်ပေးတာ မလိုက်နာလို့ဆိုပြီး တပ်ရင်းမှူး ၁ဦးကို KTLA ထုတ်ပယ်

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ အမိန့်ပေးတာကို မလိုက်နာလို့ဆိုပြီး တပ်ရင်းမှူး ၁ဦးကို ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ KTLA က ထုတ်ပယ်လိုက်ကြောင်း ကရင်သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

(ကော်သူးလေအာမီ KTLA ဦးဆောင်သူ နယ်ဒါးမြ။ ဓာတ်ပုံ - Thoolei Poe/FB)

ဩဂုတ် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ အမိန့်ပေးတာကို မလိုက်နာလို့ဆိုပြီး တပ်ရင်းမှူး ၁ဦးကို ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ KTLA က ထုတ်ပယ်လိုက်ကြောင်း ကရင်သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

KTLA ဆာကပေါ်တပ်ရင်းက တပ်ရင်းမှူး ဗိုလ်အဲဖိုးကို KTLAက ဩဂုတ် ၁၇ရက်မှာ ထုတ်ပယ်ကြောင်း စာထုတ်ပြန်ခဲ့တာလို့ဆိုပါတယ်။ KNU/KNLAကို ပစ်ခတ်တိုက်ခိုက်ဖို့ ဩဂုတ် ပထမပတ်မှာ KTLA ဌာနချုပ်က ဗိုလ်အဲဖိုးထံ စာနဲ့ အမိန့်ပေးတာကို တပ်ရင်းမှူး ဗိုလ်အဲဖိုးက အချင်းချင်း ပြန်ပစ်ခတ်ဖို့ ဆန္ဒမရှိတဲ့ အခြေအနေမှာ အမိန့်မလိုက်နာလို့ဆိုပြီး အခုလို ထုတ်ပယ်လိုက်တာလို့ ဆိုပါတယ်။

“အဲဒီတပ်ရင်းမှူးက အရင်က KNlAနဲ့ ပူးပေါင်းစစ်တိုက်နေတဲ့ တပ်ရင်းမှူးပေါ့။ထားဝယ်အထက်ဘက်က ဆာကပေါ တပ်ရင်းမှူးဖြစ်တယ်။ ပြီးခဲ့တဲ့ လေးငါးခြောက်လမှာ KNLA တပ်ရင်း(၁၂)နဲ့ ပူးပေါင်းပြီး အကြမ်းဖက်တပ်ကို တိုက်ခိုက်တဲ့ ခေါင်းဆောင်တဦးပေါ့နော်” လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ် ၁ဦးက အခု ထုတ်ပယ်ခံရတဲ့ တပ်ရင်းမှူးဟာ KNUနဲ့ စစ်ရေးပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေတဲ့ အခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

KNLAနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ တပ်ရင်းမှူး အဲဖိုးအား KNLA ကို ပြန်တိုက်ဖို့ KTLAက အမိန့်ပေးခဲ့တာလို့ ပြောပြပါတယ်။

“တပ်ရင်းမှူး အဲဖိုးက မလုပ်တော့ သူတို့ထုတ်ပယ်တဲ့ သဘောဖြစ်တာပေါ့။ဩဂုတ် ၄ရက်မှာ KNLAကို ပြန်လည်ပစ်ခတ်ဖို့ ပြန်လည်ချဖို့ အဲဖိုးကို အမိန့်ပေးခဲ့တယ်။ ဒါပေမဲ့ တပ်ရင်းမှူး အဲဖိုးက မလုပ်ဘူးပေါ့နော် အဲဒီလိုမျိုး” လို့ ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

KTLA ခေါင်းဆောင် ဗိုလ်နယ်ဒါးမြဟာ အရင်က ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)စစ်ဦးစီးချုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဝေါ်လေဒေသမှာ အရပ်သားများ သတ်ဖြတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNUရဲ့ စုံစမ်းစစ်ဆေးမှု မခံယူဘဲ KTLAကို ဖွဲ့စည်းခဲ့တာကြောင့် ၂၀၂၂ နှစ်လယ်ပိုင်းမှာ အဖွဲ့ကနေ ထုတ်ပယ်ခံရသူဖြစ်ပါတယ်။ လက်ရှိမှာလည်း ဗိုလ်နယ်ဒါးမြလက်အောက်ခံ KTLA တပ်အချို့ကဟာ KNU တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်မှာ KNLA တပ်ဖွဲ့တွေကို အကြိမ်ကြိမ် တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

အထူးသဖြင့် တပ်မဟာ(၄)နယ်မြေထဲ လှုပ်ရှားနေတဲ့ ဗိုလ်ကော်လာဖိုးရဲ့ KTLAဟာ KNLA ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အရာရှိအချို့ အပါအဝင် KNLA ရဲဘော်တွေ ကျဆုံးထိခိုက်တွေရှိခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားတွေကို KTLAက တိုက်ခိုက်ခဲ့တာ ရှိပါတယ်။

KNLAနဲ့ တော်လှန်ရေးအင်အားစုတွေ အရပ်သားတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကော်လာဖိုးရဲ့ KTLAကို စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အခုနှစ်ဆန်းမှာ ကြေညာခဲ့ပါတယ်။

KNLAကို တိုက်ခိုက်တဲ့ KTLA တပ်ဖွဲ့ရှိသလို KNLAနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက် နေတဲ့ KTLA တပ်ဖွဲ့အချို့လည်းရှိခဲ့ပါတယ်။ ၂၀၂၆ မေလဆန်းမှာဆိုရင် KTLA တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၃၇ဦးဟာ KNLAထံ ပူးပေါင်းလာတာမျိုးလည်းရှိခဲ့ပါတယ်။ KNLAထံ ပြန်လည်ပူးပေါင်းလာတာကတော့ KTLA ဆာကဆော တပ်မဟာ တပ်ရင်း(၂) ထားဝယ်ခီး(ထီးခီး)တပ်ဖွဲ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

KNU/KNLA တပ်မဟာ(၄)နဲ့တော်လှန်ရေးအင်အားစုတွေဟာ ၂၀၂၅နဲ့ ၂၀၂၆ တွေအတွင်းမှာ မြိတ်-ထားဝယ်ခရိုင် နယ်မြေထဲက စစ်ကောင်စီရဲ့ နယ်စပ်စခန်းတွေ၊ ဗျူဟာစခန်းတွေအပါအဝင် တပ်စခန်းများစွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို တနင်္သာရီတိုင်းအတွင်း စစ်တပ်ထိုးစစ်ကိုလည်း ခုခံတိုက်ခိုက်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးများ၊ ပြည်သူလူထုများအားလုံး စည်းလုံးညီညွတ်ကြရမှာ ဖြစ်ပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ကာ လွတ်လပ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

သတင်း

ကရင့်အမျိုးသားအာဇာနည်နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ဩဂုတ် ၁၂ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်မှာ ကျင်းပခဲ့ရာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုပေးအပ်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အသိပေးပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

Facebook