ဩဂုတ်-၂၀၊ ၂၀၂၆။ထားမြတ်/People’s Spring
စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်က ထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၅ရက်က ခမရ(၃၅၇) တပ်ရင်းက စစ်ကောင်စီတပ်သား ၂ဦးဟာ လက်နက်တွေ ယူလာပြီး KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၇) ထံ လက်နက်ချ အလင်းဝင် ဘက်ပြောင်းခိုလှုံလာတာလို့ ဖော်ပြထားပါတယ်။
အလင်းဝင်လာသူ ၂ဦးဟာ စစ်တပ်က အတင်းအဓမ္မစစ်သားစုဆောင်းထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement
MA ၂လက်၊ ကျည်ဘောက် ၆ ခု၊ကျည်ဆံ ၂၀၀ နဲ့ ကျည်ကာ ၂ထည်ယူဆောင်လာတဲ့ တပ်သား ၂ဦးကို ကျပ် ၁၀ သိန်းစီ ဆုချီးမြှင့်ခဲ့ကြောင်းလည်း အသိပေးပါတယ်။
ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်တွင်းက တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေထံ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင် ပူးပေါင်းကြဖို့လည်း KNUက ထပ်မံ တိုက်တွန်းခဲ့ပါတယ်။
KNU တပ်မဟာ(၇)အပါအဝင် KNU ခရိုင်နဲ့ တပ်မဟာ အသီးသီးမှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေ တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ လက်နက်ယူလာပြီးဖြစ်စေ လက်နက်မဲ့ ဖြစ်စေ အလင်းဝင်ရောက်မှုတွေ မကြာခဏ ရှိခဲ့ပါတယ်။


















































